ရန်ကုန်အနီး နစ်မြုပ်ခဲ့သော တရုတ်ငါးဖမ်းသင်္ဘော ဆယ်ယူပြီးစီး
ဝင်းမြတ်
စက်တင်ဘာ ၁၉၊ ၂ဝဝ၉
ဝင်းမြတ်
စက်တင်ဘာ ၁၉၊ ၂ဝဝ၉
သြဂုတ်လအတွင်းက ရန်ကုန်မြစ်အတွင်းနစ် မြုပ်ခဲ့သော တရုတ် ငါးဖမ်းသင်္ဘော Yan Brother 2 အား ဆယ်ယူသည့်လုပ်ငန်း ယခုလ ၁၅ ရက်နေ့တွင် ပြီးစီးခဲ့သည်။
ငါးဖမ်းသင်္ဘောအတွင်း ပိတ်မိ သေဆုံးခဲ့ပြီး ပုပ်ပွနေသည့် အလောင်း ၁၅ လောင်းအား တွေ့ရှိခဲ့သည်။ သင်္ဘောပေါ်တွင် တင်ဆောင်ထားသော ငါးဖမ်းပိုက်များဖြင့် လုံးထွေးနေသည်ကို တွေ့ရသောကြောင့် ရေယာဉ် လုပ်သားများမှာ ပိုက်အတွင်း ပိတ်မိကာ ရေနစ် သေဆုံးခဲ့ခြင်း ဖြစ်နိုင်သည်ဟု ယူဆကြသည်။
သင်္ဘောပဲ့ပိုင်းတွင် ထိခိုက် ပျက်စီးမှု အနည်းငယ် တွေ့ရှိရသောကြောင့် တခြား သင်္ဘော တစ်စင်းဖြင့် တိုက်ခိုက်မိခဲ့ဖွယ် ရှိသည်ဟု အစိုးရ တာဝန်ရှိသူများက ယူဆနေကြောင်းသိရသည်။
သင်္ဘောသည် သြဂုတ်လ ၂၄ ရက် နံနက်သုံးနာရီခန့်က ရန်ကုန်မြစ်အတွင်းရှိ မြက်စိမ်းကျွန်း မြောက်ဘက်၊ ပင်လယ်ဝ အနီးတွင် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။
သင်္ဘောပေါ်တွင် တရုတ်နိုင်ငံသား ၃ ဦး၊ မြန်မာ အလုပ်သမား ၁၄ ဦး၊ စုစုပေါင်း ၁၇ ဦး ပါရှိခဲ့ပြီး မည်သူမျှ အသက်ရှင် ကျန်ရစ်ခဲ့ခြင်း မရှိခဲ့ပေ။
အလောင်း ၂ ခုကို သင်္ဘောနစ်ပြီး မကြာမီ ရှာဖွေ တွေ့ရှိခဲ့ရသည်။
သင်္ဘောနစ်မြုပ်အပြီး ကယ်ဆယ်ရေး လုပ်ငန်းများ နှောင့်နှေးခဲ့သည်ဟု တရုတ် သံတမန်များက ရေတပ်နှင့်ဆိပ်ကမ်း တာဝန်ရှိသူများအား အပြစ်တင်ကာ ဖိအားပေးခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအား နိုင်ငံတကာ အလယ်တွင် ဝေဖန် တိုက်ခိုက်ခံရတိုင်း တရုတ်နိုင်ငံ၏ သံတမန်ရေးအရ ထောက်ခံမှုကို အားကိုးနေရပြီး အခြားဘဖက်တွင် စစ်လက်နက် ပစ္စည်းများ ၀ယ်ယူ ဖြည့်တင်းရေးတွင် တရုတ်နိုင်ငံကို အားထားနေရသည့် အတွက် ယခုကိစ္စတွင် တရုတ်နိုင်ငံ စိတ်ကျေနပ်အောင် လုပ်ဆောင်ပေးရမည့် အရိပ်လက္ခဏာများ မြင်တွေ့နေရသည်ဟု အကဲခပ်သူများက သုံးသပ်ကြသည်။

Comments