Mar Mar Aye - 286

ပြောပြစရာတွေလဲ တပုံကြီး ရှိသေးတယ် - အမှတ်(၂၈၆)
မြန်မာသံပီပီ အသံတည်တည်နဲ့ ချိုကြည်မာန်ပိုင် ‘မေလှမြိုင်’
မာမာအေး
စက်တင်ဘာ ၂၀၊ ၂၀၀၉

သောတရှင်များ ကျန်းမာတော်မူကြပါစ ရှင်။ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတ ဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ - ရှေ့တပတ်မှာတုန်းက ကံအကြောင်းမလှရှာတဲ့ အနောက်နန်းရ သခင်မမြကလေးအကြောင်းတွေ ပြောပြီး နှမြောတသ ဖြစ်ခဲ့ရပါတယ်ရှင်။ မထင်ရင် မထင်သလို အရှင်သခင် ဘုရင်တို့ အာဏာစက်မှာ အသက်ပါခဲ့ရတဲ့ စာဆိုတော်တွေ ပညာရှိ သူတော်ကောင်းကြီးတွေ ခေတ်အဆက်ဆက် ပေါ်ထွက်ခဲ့ဖူးတာမျိုး၊ ဒီဖက်က ခေတ်တခုမှာလည်း - အုပ်ချုပ်ဖို့ရာ ရာထူးဂုဏ်ရှိန် - မင်းအစိုးရက ပေးထားတဲ့ အချိန်မှာ နာနာထောင်းဖို့သာသိ၊ ရှေ့ကြောင်းနောက်ကြောင်း လူတဦးတယောက်ရဲ့ လာရာလမ်းကြောင်း ကောင်းမကောင်းကို ငဲ့စောင်းလို့မှမကြည့်၊ ထောက်ထားစာနာရကောင်းမှန်း မသိတဲ့ အရာရှိဆိုး သန္ဓေမျိုးက ပိုးစိုးပက်စက် ခေါ်ခက်မောင်းမဲ အရှက်ခွဲခဲ့ရက်လေခြင်း ဆိုတဲ့ ခံစားချက် သည်းသည်းနဲ့ နှလုံးရင်ကွဲ ခန္ဓာစဲရှာတဲ့ ဂီတဘက်တော်သူတယောက် ကိုယ့်မျက်မှောက်မှာ အသေအချာ ရှိခဲ့ပါတယ်လို့ ပြောဖို့ စဉ်းစားထားပါတယ်။ မြန်မာတေးဂီတလောကရဲ့ သမိုင်းဝင် တေးသံရှင်တဦးမို့လည်း ပြောပြချင်တာပါရှင်။ မြန်မာသံပီပီ အသံတည်တည်နဲ့ ချိုကြည်မာန်ပိုင် ‘မေလှမြိုင်’ လို့ ခေါ်တဲ့ အကျော်ဒေယျ တေးသီမ အကြောင်း ဆိုရင် သောတရှင်တို့ တချို့ နားယဉ်ပြီးသား ဖြစ်မှာပါ။

အဆိုတော်ကြီး မေလှမြိုင်ကို မာအေးတို့ မြန်မာ့အသံမှာ ရှိကြတဲ့ ဂီတဘက်တော်သား အားလုံးက ‘အမေမြိုင်’ လို့ ခေါ်ကြတဲ့ အတိုင်း ခေါ်ပါရ၊ သုံးပါရစေနော်။ မာအေးက အမေမြိုင်ကို သူ့သီချင်းတွေ ရေဒီယိုမှာ ကြားရလို့ အသံက စသိခဲ့တာလို့ ပြောရမှာပါရှင်။

ဂီတစာဆို ရန်နိုင်ဆွေ တူရိယာအဖွဲ့မှာ အမေမြိုင် အသံလွှင့်ခဲ့တဲ့ ‘စိမ်းလဲ့ကန်သာ’ ‘ချစ်မိုးနှောင်း’ ‘ရွဲ့လိုက်တာလား စန္ဒာရယ်’ ‘နွေဦးတေးသံ’ ‘တိမ်ညိုနဲ့လခြမ်း’ ဆိုတဲ့ ဆရာရန်နိုင်ဆွေရဲ့ သီချင်းတွေဟာ သူ့အသံနဲ့ လိုက်ဖက် တင့်တယ်၊ ကျော်ကြားခဲ့ပါတယ်ရှင်။ သူ့အသံက စည်းစည်းလုံးလုံး၊ မာန်ပါပါ ဌာန်ကုန်အောင် ဆိုတယ်လို့ သိသာပါတယ်။ ခပ်ငေါက်ငေါက် ဆိုပေါက် ယောင်္ကျားဟန် တခါတရံ ပေါက်မှာပါ။ နောက်ပိုင်း ဆိုခဲ့တဲ့ ‘စည်းကမ်း’ တို့ ရှေးက ဆိုခဲ့တဲ့ ‘ဗမာ့ကြွေးကြော်သံ’ တို့ကို နားထောင်ကြည့်ရင် သိပါလိမ့်မယ်။ ဒါက သာမန် နားထောင်တဲ့ ပရိသတ် အနေနဲ့ သိနိုင်တဲ့ ‘မြိုင့်’ အသံ ဖြစ်ပါတယ်။

နောက် ချိုတေးသံစာအုပ်မှာ ဓာတ်ပုံတွေ့ရတော့မှ သြော် ပိန်ပိန်ပါးပါးလေးပါလား၊ အသံအားနဲ့ တခြားစီပဲ လို့ တွေးမိပါတယ်။ မာအေးကလည်း သီချင်းတော့ ဆိုနေပြီလေ။ အသံတိတ် ရုပ်ရှင်ဝိုင်းထဲမှာပဲ မိဘသွားရာ ပါသွားရင်း လိုက်ဆိုနေတုန်းပေါ့။ အဲဒီတော့ ‘မြိုင်’ အပျိုပေါက်လောက် အရွယ်မှာ စောင်းတော်ရှင် ဇာတ်ကားထဲက နတ်မိမယ် မမရှင်ရဲ့ အဖော်ညီမတွေထဲမှာ မမသစ်တို့နဲ့အတူ တွေ့လိုက်ပြန်ပါတယ်။ ရုပ်ရှင်က စစ်ကြိုခေတ် ကားဟောင်း ဆိုတော့ ရုပ်ရှင်ဘက်မှာ ဆက်မနေဘူး ဆိုတာ သိသာပါတယ်။

ဂျပန်ခေတ်မှာ မေလှမြိုင်ဟာ ပြဇာတ် ကနေခဲ့ပြီး ၁၉၄၉-၅၀ ခုနှစ်ကျတော့ ဗိုလ်ချုပ်ရှိစဉ်ကတည်းက ဖွဲ့စည်းတည်ထောင်ပြီးဖြစ်တဲ့ ပြန်ကြားရေးဌာန လက်အောက်ခံ ရုပ်ရှင်နဲ့ ပြဇာတ်ဌာနခွဲမှာ နိုင်ငံဝန်ထမ်း ဘ၀နဲ့ နိုင်ငံတော်အတွက် ပညာပေးရုပ်ရှင် ပြဇာတ်တွေမှာ ပါဝင် ကပြ ဖျော်ဖြေ တင်ဆက်ရင်းက ရေဒီယို အဆိုတော် နာမည်ကျော် ဖြစ်လာခဲ့ပါတယ်ရှင်။

အဲဒီ ရုပ်ရှင်နဲ့ ပြဇာတ်အဖွဲ့ရဲ့ တာဝန်ခံက ညွှန်ကြားရေးဝန် စာရေးဆရာ ဒါရိုက်တာ ဦးဉာဏပါ။ စာဆိုတော် သီချင်းရေးတဲ့ဆရာပေါ့ရှင်။ ပြဇာတ်တွေလည်း ရေးသား တင်ဆက်ခဲ့တာပါပဲ။ ဒီပြဇာတ် အဖွဲ့မှာ ဒဂုန်ဆရာတင်၊ ဆရာရန်နိုင်စိန်၊ ဆရာရန်နိုင်ဆွေ၊ ဦးစိန်ဝင်း လို့ ခေါ်တဲ့ နောင် မြန်မာ့အသံ ဦးဇော်ဝင်း ဖြစ်လာမယ့်သူတွေ အပြင် ရုပ်ရှင်မင်းသမီး မေနု၊ မင်းသမီးကြီး အမေပုနဲ့ မေလှမြိုင်တို့ ပါဝင်ကြပါတယ်။ ယမနေမယ်၊ တို့အိမ်ကြီး၊ ဝေသာလီ စတဲ့ ပြဇာတ်တွေနဲ့ လူထုကို ဖျော်ဖြေရင်း စည်းရုံးခဲ့ကြတာပေါ့ရှင်။ တိုင်းပြည်ပြုသီချင်း အဖြစ် အောင်မြင်ခဲ့တဲ့ ‘ဗမာ့ကြွေးကြော်သံ’ ကိုလည်း မေလှမြိုင် ဆိုခဲ့ပါတယ်။

xxx ပြည်ထောင်စုကို မြိုင်တို့ရဲ့ ပြည်ထောင်စုကို အသက်ပေးလို့ဖြင့် ကာကွယ်မယ့်သူတွေ၊ ဘိုးဘွားအမွေအနှစ်မို့ ချစ်မြတ်နိုးသတဲ့လေ၊ ဒါတို့ပြေ၊ ဒါတို့မြေ ကြွေးကြော်သံကြီး မြည်ဟီး ခိုင်မာပေ။ မေးပါရစေတော့ မောင်တွေ မယ်တွေ ဘယ်ပုံ ဘယ်နည်း ကာကွယ်ကြမှာတုန်းလေ xxx
(ဗမာ့ကြွေးကြော်သံ - မြိုင်)

အဲဒါ ခုထိ ပြန်သုံးနိုင်သေးတဲ့ ပညာပေး သီချင်းထဲကပေါ့။ ဒီသီချင်းလို နောင် တသက်လုံး သုံးသွားနိုင်တဲ့ သီချင်းတပုဒ်လည်း ဆိုထားခဲ့ပါသေးတယ်ရှင်။ အာဇာနည်နေ့အတွက် ဆိုခဲ့တာပါ။ အချိန်ကာလနဲ့တော့ အံကိုက်ပဲ သောတရှင်တို့ရေ။ ဒီအပတ် တနင်္ဂနွေဟာ အာဇာနည်နေ့ ၆၂ နှစ်ပြည့် တဲ့။ မေလှမြိုင် ဂုဏ်ပြု သီဆိုထားခဲ့တဲ့ ‘အလေးပြုပါတယ်’ သီချင်း နားဆင်ရင်း မာအေးတို့ အမျိုးသား ခေါင်းဆောင်ကြီး ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ နိုင်ငံအတွက် အသက်ပေးလှူခဲ့တဲ့ အာဇာနည်များကို အလေးပြုကြရအောင်လားရှင်။

xxx နှစ် လ နာရီ ခါရာသီရွေ့ပေမယ့် အာဇာနည်နေ့ကိုဖြင့် မမေ့သင့်ပါသလေ၊ ယနေ့ဖြင့် သတိတရား ထားဖို့ အခြေ၊ (အများပြည်သူတွေ)၂ အာဇာနည်နေ့ကိုလေ တွေးရှုကာပဲ အလေးပြုပါမယ်လေ xxx စနစ်အခြေ ပြောင်းခဲ့ပေမယ့် အဖြစ်ဟောင်းများတော့ ဖြေသော်မပြေ၊ လွမ်းမျက်ရည် မြေခပြီမို့ ဆွေးတသသ တွေးဆ မရွှင်ပေ xxx ရွှေရင်ဆူကဲ ကြေကွဲ ၀မ်းနည်းကြပုံတွေ xxx ယနေ့ထက်တိုင်အခြေ သြော် မမေ့ရက်နိုင်ပါပေ (အာဇာနည်ခေါင်းဆောင်ကြီးတွေ)၂ ကောင်းရာ သုဂတိ ရောက်ရှိကြပြီလေ၊ တေးကဗျာ အနုစာခွေ ရေးကာအလေးပြု၊ အလေးပြုပါတယ်လေ xxx (အလေးပြုပါတယ် - မြိုင်)

[ မူရင်း - ဘီဘီစီ၊ မြန်မာဌာန ]


Comments