မိုးမခ၏ စက်တင်ဘာလ စာကိုး၊ စကားကိုး (ဒုတိယပိုင်း)
စက်တင်ဘာ ၃ဝ၊ ၂၀၀၉
စက်တင်ဘာ ၃ဝ၊ ၂၀၀၉
မှတ်ချက် - နှစ်သက်ဖွယ် ကောင်းသော ပြောကြား ရေးသားချက်များကို ကောက်နှုတ် ဖော်ပြခြင်း ဖြစ်သည်။ နှစ်သက်ဖွယ် မကောင်းသော အချက်များလည်း တခါတရံ ပါဝင်နိုင်ပါသည်။ မူရင်း သတ်ပုံများအတိုင်း ပြန်လည် ဖော်ပြပါမည်။
“မြို့ထဲရောက်တာနဲ့ မွန်းကျပ်နေအောင်ခံစားရတယ်။ အဓိကကတော့ မီးစက်တွေကထွက်တဲ့ အငွေ့တွေနဲ့ မော်တော်ကားတွေက ထွက်တဲ့ မီးခိုးတွေကြောင့်၊ နောက် စားသောက်ဆိုင်တွေဆီက အငွေ့တွေနဲ့ မြို့လယ်ကောင်ဆို လေကစ ပူနေပြီး အနံ့တွေနဲ့ မွန်းနေတာပဲ။ သတိပြုမိကြရင် ဆူးလေနဲ့ အနီးတစ်ဝိုက်က အခြားမြို့နယ်တွေထက် ပိုပူတယ်။ နာဂစ်တုန်းက သစ်ပင်ကြီးတွေ ပြိုကုန်တာကြောင့်လည်းပါတယ်။ ကျွန်တော့်အမြင်တော့ သစ်ပင်တွေ ပြန်စိုက်ရုံနဲ့တင် မလုံလောက်နိုင်တော့ဘူး။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမဲ့ အရာတွေကို ကန့်သတ် တားမြစ်လိုက်ဖို့ပဲ ရှိတယ်။ ရေရှည် အတွက်ကြည့်မယ်။ လူအများအတွက် ကြည့်မယ်ပေါ့ဗျာ”
ကိုစိုးလင်း၊ မြို့ပြအင်ဂျင်နီယာ
မြန်မာပို့စ် ဂျာနယ်၊ စက်တင်ဘာ ၂
“ဖောက်ခွဲမှု၊ ထိန်ချန်မှုတို့နဲ့ ၅ နှစ်ချလိုက်တယ်။ မနှစ်က ဧပြီလ ၁ ရက်နေ့ ညမှာ ဖမ်းခံရတာ။ - - - သူတို့မေးတယ် အပြင်ရောက်ရင် နိုင်ငံရေး လုပ်မလား မေးတယ်။ အန်ကယ်က လုပ်မယ်လို့ ပြောလိုက်တယ် လေ။ - - - ကိုယ့်မိသားစုနဲ့ ပြန်တွေ့ရတာ ဝမ်းသာပါတယ်။ ကျန်တာက အဲဒီလောက် မဟုတ်ပါဘူး။ လုပ်နေကျ ဇတ်လမ်းထဲမှာ ဝင်ကလိုက်တာပဲ။ ဒီလိုဇတ်လမ်းတွေ ပေါ်လာမယ်ဆိုတာ ကြိုသိပါတယ်။ အခုလွတ်တာက မထူးဆန်းပါဘူး။ မထူးခြားဘူး။ - - - ကိုယ်လုပ်ချင်တာ ကိုယ် ဆက်လုပ်မယ်”
ဦးတင်မြ၊ သင်္ဃန်းကျွန်းမြို့နယ်မှ နိုင်ငံရေးသမား
မဇ္ဈိမ သတင်းဌာန၊ စက်တင်ဘာ ၁၈
“၉၈ တုန်းက လွှတ်တော် ကိုယ်စားလှယ်တွေ အကုန်လုံး ခြေချုပ် ဥပဒေနဲ့ တရားစွဲပြီးတော့ သင်္ကာမကင်း ပုဒ်မနဲ့ နေ့စဉ် သွားပြီးတော့ လက်မှတ်ထိုး ရတယ်။အဲဒီအချိန်မှာ ကျနော်တို့ ဥက္ကဋ္ဌကြီး ဦးတင်ဦးက သွားပြီး လက်မှတ်ထိုးစရာ မလိုဘူးလို့ ပါးစပ်မိန့်နဲ့ ကြေညာလိုက်တော့ သွားမထိုးတော့ဘူး။ ဟိုက မေးတယ်၊ လက်မှတ် လာမထိုးတော့ဘူးလား တဲ့။ မထိုးတော့ဘူးလို့ ပြောတော့ မထိုးတော့ရင် ဖမ်းတယ် ဆိုပြီးတော့။ ကိစ္စကတော့ဗျာ၊ နေ့စဉ် လက်မှတ် သွားမထိုးတဲ့ ကိစ္စနဲ့ ဖမ်းတာပေါ့။ - - - ပခုက္ကူမြို့နယ် အခြေစိုက် ၂၃၅ တပ်ထဲမှာ ၂ နှစ် အချုပ်ခံရတယ်”
ဦးလှိုင်အေး၊ လွှတ်တော်ကိုယ်စားလှယ်၊
၂၀၀၇ သံဃာ့ဆန္ဒပြပွဲအပြီး ထောင် ၂ နှစ်ခန့် ကျခံခဲ့ရသူ
မဇ္ဈိမသတင်းဌာန၊ စက်တင်ဘာ ၂၅
“ဖတ်စရာ မရှိလို့ မဟုတ်ဘူး။ အဲဒီဟာကို လူအများစုက သိပ်စိတ်မ၀င်စားနိုင်ဘူး။ ရေဒီယို စိတ်ဝင်စားတယ်။ ဘန်ကီမွန်းလာတယ်။ ဘယ်လိုဖြစ်မလဲ။ အဲဒါ စိတ်ဝင်စားတာ။ နောက်ပြီး ရေဒီယိုထက် ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာက အင်တာနက် ရှိတယ်။ အင်တာနက်မှာမှ chatting ရှိတယ်။ ၀က်ဘ်ဆိုက် ရှိတယ်။ ဘလော့ဂါ ရှိတယ်။ အဲဒီတော့ သူစိတ်ဝင်စားစရာ - - - သိပ်များသွားတယ်။ ကောင်းပြီ တတ်နိုင်တဲ့ သူတွေက အဲဒီကို သွားတယ်။ မတတ်နိုင်တဲ့ လူကျတော့ ရေဒီယို နားထောင်ရတယ်။ စာပေဘက်ကို သိပ်မလှည့်နိုင်ဘူး။ market က အဲဒီသဘောပဲ”
(ဓာတ်ပုံ - ပေဖူးလွှာမဂ္ဂဇင်း)
အောင်သင်း၊ စာရေးဆရာ
ပေဖူးလွှာမဂ္ဂဇင်း၊ စက်တင်ဘာ ၂၀၀၉
“တစ်သက်လုံး စစ်သားဆို ကြောက်လာရတာပဲ ၂၀၀၇ နောက်ပိုင်းမှာ မနမ (မြို့နယ်ရဲတပ်ဖွဲ့မှူး) တစ်ယောက်က သာမန် စစ်အရာရှိ တစ်ယောက်လောက်ကို ကြောက်စရာ မလိုဘူး၊ နောက်ပိုင်း တရုတ်က ၀င်လာတဲ့ Lanjian (ကား) တွေ အကုန်လုံး စစ်တပ်ကို မပို့တော့ဘဲ၊ ဗိုလ်ချုပ်မှုးကြီးရဲ့ အမိန့် အရ ရဲတပ်ဖွဲ့ပိုင် ကားတွေ ဖြစ်လာခဲ့တယ်။ ရဲတပ်ဖွဲ့က ထိပ်ပိုင်းမှာလည်း နေပြည်တော်က ညွှန်ကြားချက်လောက်မှ ဂရုစိုက်ကြတယ်။ တိုင်းကတို့  ဌာနဆိုင်ရာတို့  ဆိုရင် ဂရုမစိုက်ကြဘူး”
အငြိမ်းစား ရဲအရာရှိ တဦး
longwalktofreedom.wordpress.com စက်တင်ဘာ ၂၃
“၀မ်းသာတာတို့ ဘာတို့ သိပ်ပြီး မခံစားရဘူးပေါ့ဗျာ၊ လွတ်ရက်စေ့ဖို့ တလပဲလို တော့တာ၊ ၁၉-၁၀-၈၉ ကနေ အနှစ် ၂၀ ဆိုတော့ ၁၉-၁၀-၂၀၀၉ မှာ စေ့မှာပေါ့။ ထောက်လှမ်းရေးမှာ အချုပ်နဲ့ တနှစ်ကျော် ထပ်ပေါင်းလိုက်ရင် ၂၁နှစ် နီးပါး နေခဲ့ရတယ်”
(ဓာတ်ပုံ - မိုးမခ)
ဦးဝင်းမြင့်၊ ၂၁ နှစ်နီးပါး ချုပ်နှောင်ခံခဲ့ရသူ
မိုးမခ၊ စက်တင်ဘာ ၁၈
“နာဂစ်ကြောင့် ဒုက္ခရောက်နေတဲ့ သူတွေကို ကူညီပေးခဲ့တဲ့အတွက် မှားတယ်လို့ မထင်မိပါဘူး”
(ဓာတ်ပုံ - မိုးမခ)
မအိမ့်ခိုင်ဦး၊ ၁ နှစ်ခွဲခန့် ချုပ်နှောင်ခံခဲ့ရသူ စာနယ်ဇင်းသမား
မိုးမခ၊ စက်တင်ဘာ ၁၈
“နာဂစ်အပြီးမှာ ဒဂုံမြို့သစ် မြောက်ပိုင်းက ဒုက္ခသည်တွေကို နိုင်ငံတကာ အကူအညီ ပိုရအောင် ဆိုပြီး UNDP ရုံးကို တင်ပြဖို့ ခေါ်သွားပေးတယ်။ အဲဒါကြောင့် အဖမ်းခံရတယ်”
(ဓာတ်ပုံ - မိုးမခ)
ကိုကျော်ကျော်သန့်၊ ၁ နှစ်ခွဲခန့် ချုပ်နှောင်ခံခဲ့ရသူ စာနယ်ဇင်းသမား
မိုးမခ၊ စက်တင်ဘာ ၁၈
“ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဆန္ဒပြောင်းဖို့ပဲဖြစ်ဖြစ်၊ အငြိမ်းစားယူဖို့၊ ဘေးကိုဖယ်လိုက်ဖို့ပဲဖြစ်ဖြစ် မလုပ်နိုင်ရင် ဒီနိုင်ငံက ဆက်ပြီး ပြဿနာတက်နေမှာပဲ။ ဒါပေမယ့် ဦးနေဝင်းခေတ်တုန်းကလည်း ဦးနေဝင်းသေသွားရင် တိုင်းပြည်ကောင်းလာမှာပါလို့ ပြောခဲ့ကြတယ်။ ဦးနေဝင်းလည်း သေသွားပြီ တိုင်းပြည်ကောင်းမလာခဲ့ဘူး။ ဒီတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မရှိရင် တိုင်းပြည်ကောင်းလာမှာပါ ဆိုတဲ့သီအိုရီမျိုးကိုတော့ သတိ နည်းနည်း ထားဖို့လိုလိမ့်မယ်”
(ဓာတ်ပုံ - ဧရာဝတီ)
ဒေါက်တာဇာနည်၊ သုတေသီ နှင့် နိုင်ငံရေးသမား
ဧရာဝတီသတင်းဌာန၊ ၂၃ စက်တင်ဘာ
“ဂျာနယ်လစ်တို့ အယ်ဒီတာတို့ လုပ်နေကြသူတွေဟာ ကိုယ့်မှာရှိနေတဲ့ အရင်းကလေးနဲ့ ထိုင်စားနေလို့ မရတော့ဘူး။ စာတွေအများကြီး ဖတ်ပြီး အင်တာနက်လှိုင်းလုံးတွေ ကြားမှာ အမြဲတမ်း ကူးခတ်နေမှ ဖြစ်တော့မယ်ဆိုတာ သတိပြုသင့်တယ်။ ဟိုစပ်စပ်ဒီစပ်စပ်နဲ့ အပေါ်ယံလေး လျှပ်လေ့လာပြီး လူတွင်ကျယ် လုပ်လို့ရတဲ့ခေတ် လုံးဝ နိဂုံးချုပ်သွားပါပြီ။ ဒီခေတ်မှာ လူငယ်တိုင်းက Citizen Journalist ဖြစ်နေကြပြီ။ ပထမ ကမ္ဘာစစ်ကြီးအကြောင်း၊ ဒုတိယ ကမ္ဘာစစ်ကြီး အကြောင်း ဒီခေတ်လူငယ်တွေ မသိကြတော့ဘူး မထင်နဲ့။ ဂူးဂဲတို့ 'ဝီကီပီးဒီးယား'တို့ သုံးပြီး ခလုတ်တစ်ချက် နှိပ်လိုက်ရုံနဲ့ သိချင်တာ အကုန်သိဖို့လို့ ရတယ်။ ရှေးကလို စာအုပ်တွဲကြီးတွေကို လနဲ့ချီ အချိန်ယူပြီး ဖတ်နေစရာ မလိုတောဘူး။ ပထမကမ္ဘာစစ်မှာ ဘယ်လိုလက်နက်တွေ သုံးခဲ့သလဲ သိချင်လား၊ ခလုတ် တစ်ချက်နှိပ်ပဲ၊ သေသူ ဘယ်လောက်၊ ဒဏ်ရာရသူ ဘယ်လောက် သိချင်လား၊ ခလုတ် တစ်ချက်နှိပ်ပဲ။ လူငယ်တွေရဲ့ လက်ချောင်းတွေဟာ ခလုတ်တွေပေါ်မှာ အမြဲတမ်း ရှိနေကြတယ်။ သူတို့ကို လိမ်လို့ မရတော့ဘူး။ ဘာမှ မသိ မတတ်ဘဲနဲ့ ဆရာကြီး လုပ်ဖို့လည်း မရတော့ဘူး”
(ဓာတ်ပုံ - jennhsu)
လူထုစိန်ဝင်း၊ သတင်းစာဆရာ
လျှပ်တစ်ပြက်ဂျာနယ်၊ စက်တင်ဘာ ၎
“သူက တစ်ခုခုဆိုရင် စိတ်မရှည်တတ်ဘူး။ စိတ်မရှည်လာရင် အသံက နှစ်ဆလောက် ပိုကျယ်လာတယ်။ ခုတော့ သူ့ကလေး လန့်မှာ စိုးလို့ ထင်ရဲ့၊ စကားပြော တိုးသွားတယ်။ သမီး (မီးမီးခဲ) ကိုလည်း အရမ်း ဂရုစိုက်လာတယ်။ အရင်က သူ သီချင်းသွားဆိုရင် ဖုန်း ခဏခဏ ဆက်တာမျိုး မကြိုက်ဘူး။ သူ အလုပ် လုပ်နေတယ်ပေါ့။ ခုတော့ ဘယ်သွားသွား ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ် ပေးထားတယ်။ မကြာခဏ ဖုန်းဆက်ပြီးလည်း သမီး နေကောင်းလား ဘာညာ မေးပါတယ်”
အဆိုတော် မောင်နှံ မီးမီးခဲ နှင့် ထူးအယ်လင်း (ဓာတ်ပုံ - မိုးမခ)
ကိုယ်ဝန်ဆောင် အဆိုတော်မီးမီးခဲ
နံနက်ခင်းဂျာနယ်၊ စက်တင်ဘာ ၉
“အိမ်ထောင်တစ်ခု အဆင်ပြေဖို့က ငွေကြေး အဓိက မဟုတ်ဘူး။ အချစ်ကလည်း မပါလို့ မရဘူး၊ ပါတော့ ပါရမယ်။ အရေးကြီးဆုံးက စိတ်ချမ်းသာဖို့ပဲ။ - - လူတစ်ယောက်ကို မချစ်ဘဲနဲ့ အိမ်ထောင်တစ်ခု ထူထောင်ဖို့ မလွယ်ဘူး”
(ဓာတ်ပုံ - ဝဏ္ဏခွာနီး)
အိန္ဒြာကျော်ဇင်၊ သရုပ်ဆောင်
ပေါ်ပြူလာဂျာနယ်၊ စက်တင်ဘာ ၈
“သမီး မသွားလို့ မရဘူး၊ နောက်ပြီး သူက လူကြီးဖြစ်နေတဲ့အတွက် မသွားလို့မဖြစ်ဘူး။ သမီး သွားရမယ်တဲ့။ ဗိုလ်ချုပ်ပုံ ကိုင်ပြီး ချီတက်သွားကြတာပေါ့။ အဲဒီအပြန် မဟာဗန္ဓုလလမ်းအတိုင်း သူတို့ ဝင်တယ်၊ ဆူးလေဘုရားလမ်းကျတော့ ပြန်ဆင်းတယ်။ ကုန်သည်လမ်းကနေ ပြန်ပတ်တဲ့အခါ အဲဒီဒေါင့်နားမှာ မီးပွိုင့်ရှိတယ်။ အဲနားလည်းကျရော သူတို့ အပစ်ခံရတာ။
ဒူးအောက်ပိုင်းကို ပစ်တဲ့အခါကျတော့ သူက ဘယ်ဖက်ခြေသလုံးကို အရင်ထိတယ်။ ဆက်အပစ်မှာ ဘယ်ပေါင်ကိုပဲ ထပ်ထိတယ်။ ဒူးကိုထိတော့ သူက ဓာတ်ပုံကိုကိုင်ပြီး ခွေကျသွားတယ်။ နောက် ဝပ်လိုက်လို့ရှိရင် ဗိုလ်ချုပ်ပုံက ကျမယ် အဲဒီတော့ ဒို့အဖွဲ့က ကျမယ်ဆိုပြီးတော့ သူက မဝပ်ပဲနဲ့ နောက်တခါ ထပ်အပစ်မှာ ညာလက်မောင်းကနေ ဖောက်ပြီးတော့ ရင်ထဲကို ဝင်သွားတာပေါ့။ - - - ငါတို့ ဒီမိုကရေစီ မရမချင်း အကယ်လို့ ငါတို့ ဖြစ်သွားသည့် တိုင်အောင်တောင်မှ ငါတို့ နာမည်ကို ခေါ်ပြီးတော့ အမျှမဝေပါနဲ့အုံး ငါတို့ ဆက်လက်ပြီး တိုက်ပွဲဝင်နေပါအုံးမယ် ဆိုတဲ့ စကားသံတော့ သူ့သူငယ်ချင်းတွေဆီကနေ တဆင့် ကျနော်တို့က ကျနော်က ကြားခဲ့ရတာ။ ကျနော်တို့ မိဘတွေ အနေနဲ့က သူတို့ တောင်းထားတဲ့ဟာ မရမချင်းကို ဒီနေ့ အချိန်ထိလည်း ၂၁ နှစ်အချိန်အထိလည်း ကျနော်တို့ သူ့နာမည်ခေါ်ပြီးတော့ သူ့အတွက် အမျှမဝေပါဘူး။ သူတို့ တောင်းထားတဲ့ အနေထား ရလာပြီ ဆိုတာနဲ့ သူ့အတွက် အားရပါးရခေါ်ပြီး အမျှဝေမယ်လို့ ကျနော် ဆုံးဖြတ်ထားပါတယ်”
ဦးဝင်းကြူ၊ ၁၉၈၈ တွင် ပစ်သတ်ခံရသူ မဝင်းမော်ဦး၏ ဖခင်
RFA အသံလွှင့်ဌာန၊ စက်တင်ဘာ ၁၈
“ကျနော့်ကို သီးသန့်အကျဉ်းထောင်ကို ပို့လိုက်ပြီး တိုက်ခန်းထဲမှာ ထားတယ်။ ထားတော့ ကျနော့် ခြေထောက်တဘက် တဖြည်းဖြည်းနဲ့ ဆိုးလာတယ်။ ကျနော့်မှာ ၁၉၉၁ တုန်းက အာရုံကြောနဲ့ ပတ်သက်ပြီး ဖြစ်ဖူးတယ်။ အကြောတွေ လှုပ်ရှားလို့ မရတာကို ကျနော် သတင်းပို့တယ်။ သတင်းပို့တာကို သူတို့က ထိထိရောက်ရောက် အရေးမယူဘူး။ ထောင်ဆရာဝန်က လာကြည့်တယ်။ ထောင်ဆရာဝန်က ရိုးရိုး ဆရာဝန်ပဲလေ။ အာရုံကြောအထူးကုနဲ့ ကုသခွင့် တောင်းတယ်။ အဲဒါကို လုံးဝ ဂရုမစိုက်ဘူး။ နောက် ခြေထောက် ၂ ဖက်စလုံး ဖြစ်လာတယ်။ နောက်ဆုံး မတ်တပ်ရပ်လို့ မရတော့ဘဲ ခြေထောက်တွေက လုံးဝ လှုပ်ရှားလို့ မရတော့ပါဘူး။ အဲဒါကို ကျနော့်အမေက ညွှန်ချုပ်ဆီ စာ အထပ်ထပ် တင်ရတယ်။ ပြင်ပ မီဒီယာတွေကလည်း ဝိုင်းအော်ကြတယ်လေ။ အဲဒီတော့မှ ကျနော့်ကို အာရုံကြော အထူးကုနဲ့ ကုသပေးပါတယ်။ ဒီတော့မှ လက်တွေပါ ဖြစ်နေပြီ တဲ့။
ထောင်ထဲမှာ အလင်္ကာတီးဝိုင်းက ဂီတသမား ကိုဝင်းမော်ဆိုတာ ကျန်ခဲ့တယ်။ သူဆို ကျန်းမာရေး အရမ်းဆိုးတယ်။ သူ့မှာ ရင်ကျပ်ရောဂါရှိတယ်။ ညဘက်ဆို အသက်ရှူ အရမ်းကျပ်ပြီး သတိလစ်လုနီးပါးကို ဖြစ်တယ်။ သံတွဲထောင်က ကျန်းမာရေးစောင့်ရှောက်မှု အရမ်းညံ့တယ်။ ဆေးမှူး မရှိဘူး၊ ဆရာဝန် မရှိဘူး။
ညှင်းပမ်းနှိပ်စက်တာကတော့ ကမ်းကုန်အောင်ပဲ။ ကျနော့်ကို လက်ပြန်ကြိုး တုပ်ထားတယ်၊ ဝိုင်းကန်ကြတယ်။ ဝိုင်းထိုးတယ်။ ရေစိုနေတဲ့ အခန်းထဲမှာ ပစ်ထားတယ်။ အခန်းထဲမှာ ပိတ်ထားတော့ နေ့လား၊ ညလားဆိုတာ မသိရဘူး။
ကျနော် အခု လမ်းမလျှောက်နိုင်ဘူး။ နှစ်ယောက်တွဲပြီး တရွတ်ဆွဲ လမ်းလျှောက်လို့ ရပါတယ်။ မတ်တပ် မရပ်နိုင်ဘူး”
မျိုးရန်နောင်သိန်း၊ သံတွဲထောင်မှ ပြန်လွတ်လာသူ နိုင်ငံရေးသမား
Comments