တရုတ်နယ်စပ် တိုက်ပွဲများကြောင့် ဒေါ်လာ လဲနှုန်းကျ
မိုးမခ အထောက်တော်၊ ရန်ကုန်
စက်တင်ဘာ ၇၊ ၂၀၀၉
မိုးမခ အထောက်တော်၊ ရန်ကုန်
စက်တင်ဘာ ၇၊ ၂၀၀၉
သြဂုတ်လကုန်တွင် ဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသ တိုက်ပွဲများကြောင့် တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးတွင် ဒေါ်လာကို ၀ယ်လိုအား ကျဆင်းခဲ့ပြီး ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲနှုန်းတွင် မြန်မာငွေ ၄၀ ကျပ်ခန့် မြင့်တက်ခဲ့သည်ဟု သိရှိရသည်။
ကိုးကန့်ဒေသ တိုက်ပွဲများ မဖြစ်ပွားမီက အမေရိကန် တဒေါ်လာလျင် မြန်မာကျပ်ငွေ ၁၁၂၀ ၀န်းကျင်ရှိခဲ့ရာမှ ပြီးခဲ့သည့် သောကြာနေ့က ၁၀၈၀ ကျပ်ထိကျဆင်းသွားခဲ့ပြီး သီတင်းပတ်ကုန်ပိုင်းတွင် ၁၀၈၅၊ ၁၀၉၀ ကျပ် ၀န်းကျင်တွင် ရောက်ရှိနေခဲ့သည်ဟု ရန်ကုန်မြို့မှ အီလက်ထရွန်းနစ် ပစ္စည်းရောင်းသူ တဦးက ပြောသည်။
`ဒီရက်ပိုင်းမှာ နယ်စပ်မှာဒေါ်လာ ၀ယ်လိုအား ကျသွားတာကြောင့် မြန်မာငွေ တန်ဖိုးတက်လာသလို ဖြစ်သွားတာ၊ တရုတ်ပစ္စည်းတော့ မပြတ်ပါဘူး၊ အဓိက ၀င်ပေါက်မှာ တိုက်ပွဲဖြစ်တာ မဟုတ်ဘဲ၊ ကိုးကန့်ဘက်မှာ ဖြစ်တာကြောင့်ပါ၊ ငွေလဲနှုန်းမှာ မြန်မာကျပ် တက်လာတော့ ရန်ကုန်မှာ ပစ္စည်းတွေရဲ့ ဈေးနှုန်း နည်းနည်းကျသွားတယ်´ ဟုအဆိုပါ အီလက်ထရွန်းနစ် ရောင်းသူက ပြောသည်။
ယခုနှစ် လယ်ပိုင်းတွင် အမေရိကန် တဒေါ်လာလျင် မြန်မာငွေ ၁၁၀၀ ကျပ် အထက်တွင် လအတော်ကြာ ရှိနေခဲ့ပြီး ယခုတလော ဖြစ်ပွားသည့် တိုက်ပွဲများကြောင့်သာ ၁၁၀၀ ကျပ် အောက်သို့ ပထမဆုံး အကြိမ် အဖြစ် ပြန်လည် ကျဆင်းခဲ့ခြင်း ဖြစ်သည်။

Comments