ရွေးကောက်ပွဲမတိုင်မီထုတ်မည်ဆိုသည့် သတင်းဂျာနယ် တစောင် ကြော်ငြာထွက်ပေါ်
မိုးမခ အထောက်တော် အမှတ် ၀၀၄
စက်တင်ဘာ ၂၃၊ ၂၀၀၉
မိုးမခ အထောက်တော် အမှတ် ၀၀၄
စက်တင်ဘာ ၂၃၊ ၂၀၀၉

လျှပ်တစ်ပြက် ဂျာနယ်တွင် ပါရှိသည့် ကြော်ငြာ။ အပတ်စဉ် ကြော်ငြာခြင်း မဟုတ်ဘဲ လွန်ခဲ့သည့် ၃ လခန့်က စတင်ပြီး တလ တကြိမ်သာ ကြော်ငြာ ထည့်သွင်းခြင်း ဖြစ်သည်။
လျှပ်တစ်ပြက် ဂျာနယ်တိုက်က လာမည့်နှစ်ရွေးကောက်ပွဲမတိုင်မီ သတင်းဂျာနယ်တစောင် ထုတ်ရန် ပြင်ဆင်နေသည်ဟု ကြေညာထားသည်။
ဂျာနယ်၏ အမည်ကို Yangon Monitor (ရန်ကုန်စောင့်ကြည့်ရေး) ဟု အမည်ပေးထားပြီး ထုတ်ဝေမည့် အကြောင်းကို လျှပ်တစ်ပြက်တွင် တလတကြိမ် ကြော်ငြာလျက်ရှိသည်။
ဂျာနယ်ထုတ်ဝေမည့် အစီအစဉ်နှင့် ပတ်သက်ပြီး ကြော်ငြာတွင် ပါဝင်သော တယ်လီဖုန်း နံပတ်များကို ဆက်သွယ်မေးမြန်းရာ တာဝန်ယူ ဖြေကြားမည့်သူ မရှိဟုသာ အကြောင်းပြန်ခဲ့သည်။
ဤအတောအတွင်း ရွေးကောက်ပွဲကာလ သတင်းများ ရေးသား တင်ဆက်နည်းကို ဦးစားပေး သင်ကြားပေးသည့် သတင်းစာ ရက်တိုသင်တန်းတခုကို ရန်ကုန်တွင် ပြုလုပ်နေသည်။
စာနယ်ဇင်းသမား ၂၀ ကျော် တက်ရောက်နေသော ထိုသင်တန်းတွင် စာပေစိစစ်ရေး နှင့် ထောက်လှမ်းရေးဌာနမှ အရာရှိတချို့လည်း သင်တန်းသားများအဖြစ် ပါဝင်နေသည်ဟု ရန်ကုန်မှ စာနယ်ဇင်းသမားတဦးက မိုးမခကို ပြောသည်။
ထို ထောက်လှမ်းရေးများက စာနယ်ဇင်းလုပ်ငန်း လုပ်ကိုင်ရန် ရည်ရွယ်ချက်မရှိဟု သိရသည်။
ဗိုလ်ချုပ်ကြီးများထံသို့ သတင်းမှားများ မရောက်စေရန်အတွက် စာပေစိစစ်ရေးဌာနက ထောက်လှမ်းရေးအရာရှိများကို ရည်ရွယ်ချက်ရှိရှိဖြင့် သင်တန်းအတွင်း ထည့်သွင်းပြီး လေ့လာ၊ သတင်းယူစေခြင်း ဖြစ်သည်ဟု သိရသည်။
သင်တန်းကို အမေရိကန်သံရုံး၏ ပြန်ကြားရေးဌာနက ကမကထ ပြုလုပ်ခြင်းဖြစ်သည်။ လွန်ခဲ့သည့် တ နှစ်ခန့်မှစ၍ စာပေ စိစစ်ရေးဌာန အကြီးအကဲ ဗိုလ်မှူးတင့်ဆွေ နှင့် အမေရိကန် ပြန်ကြားရေး ဌာနတို့ ပူးပေါင်း ဆောင်ရွက်မှုများ ရှိခဲ့သည်။
စာနယ်ဇင်းသမားများ စိတ်ဝင်စားနေသည့် အဆိုပါ ရွေးကောက်ပွဲ ပြုလုပ်မည့်အချိန်သည် ၂၀၁၀ ပြည့်နှစ်ဖြစ်သည်ဟု အစိုးရက ကြေညာထားခဲ့သည်။
၂၀၁၀ ပြည့်နှစ်သို့ရောက်ရန် ၃ လသာ လိုသော်လည်း ယခုအချိန်အထိ မည်သည့်လပိုင်းတွင် ရွေးကောက်ပွဲ ဖြစ်နိုင်ချေရှိသည်ဟု အစိုးရက ကြေညာခြင်း မရှိပေ။ ရွေးကောက်ပွဲသည် ၂ဝ၁ဝ နှစ်ကုန်ပိုင်းတွင် ဖြစ်နိုင်သည် သို့မဟုတ် နောက် ၂ဝ၁၁ အထိလည်း ရွှေ့သွားနိုင်သည်ဟု အကဲခတ်တချို့က ယူဆနေသည်။
Comments