ထိုင်းရှိ မြန်မာအလုပ်သမားများ နိုင်ငံကူးလက်မှတ် လုပ်ရန်
အလုပ်သမားအရေး လှုပ်ရှားသူများက တိုက်တွန်း
အောင်စိုးထိုက်
စက်တင်ဘာ ၂၁၊ ၂၀၀၉
အလုပ်သမားအရေး လှုပ်ရှားသူများက တိုက်တွန်း
အောင်စိုးထိုက်
စက်တင်ဘာ ၂၁၊ ၂၀၀၉

ထိုင်းနိုင်ငံ တောင်ပိုင်းဒေသရောက် အလုပ်သမားများကို အလုပ်သမားအရေး ဆောင်ရွက်သူများက သွားရောက် တွေ့ဆုံပြီး ကူညီ ရှင်းလင်းနေပုံ
ထိုင်းနိုင်ငံတွင် တရားဝင် နေထိုင် လုပ်ကိုင်နိုင်မည့် အလုပ်သမား နိုင်ငံကူးလက်မှတ် ရရေးအတွက် လျှောက်လွှာ ရေးသားကြရာတွင် အမှားအယွင်းများစွာ ရှိကြသဖြင့် ထိုင်းနိုင်ငံ တောင်ပိုင်းရှိ အလုပ်သမားအရေး လုပ်ကိုင်သူများက ကူညီလျက်ရှိသည်။
ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် အခြေခံလူထု လူ့အခွင့်အရေး နှင့် ပညာပေးဌာန (GHRE) နှင့် SNF အဖွဲ့တို့ ပူးပေါင်း၍ ထိုင်းနိုင်ငံတောင်ပိုင်း၊ ကော့ကလွိုင်မြို့နယ်ရှိ မြန်မာ အလုပ်သမားများအား စက်တင်ဘာ ၁၈ ရက်နေ့က လိုက်လံတွေ့ဆုံ၍ လျှောက်လွှာတွင် မည်သို့ ဖြည့်စွက်ရမည်ကို ရှင်းလင်း ပြောကြားခဲ့သည်။
“ဖြည့်ရမယ့် ဖောင်ပုံစံတွေမှာ အမှားတွေ အများကြီး ဖြည့်ထားတာ တွေ့ရပါတယ်။ အဲဒီလို အမှားတွေ ဖြည့်ထားရင် နိုင်ငံကူး လက်မှတ်ရဖို့ မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့ အခုလို လိုက်လံတွေ့ဆုံပြီး ဖောင်ဖြည့်ပုံ ဖြည့်နည်း၊ မှားတတ်တဲ့ အမှားနဲ့ လိုအပ်တာတွေကို ပြောပြတာဖြစ်ပါတယ်” ဟု SNF မှ နယ်မြေတာဝန်ခံ ကိုမောင်မောင်က ပြောကြားသည်။
နိုင်ငံကူးလက်မှတ်များလျှောက်ထားရန်လည်း လိုက်လံ လှုံ့ဆော်ပေးနေသည်ဟု သိရသည်။

GHRE မှ အလုပ်သမားရေးရာ တာဝန်ခံ ကိုမိုးဝေက “အခု အလုပ်သမားကဒ် (ဘတ်) ရှိထားသူတွေဟာ နိုင်ငံကူး လက်မှတ် မဖြစ်မနေ လုပ်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယခုထုတ်ပေးမယ့် နိုင်ငံကူးလက်မှတ်ကို ၂၀၁၀ ဖေဖော်ဝါရီလကုန်ထိပဲ နောက်ဆုံးထားပြီး ထုတ်ပေးမှာဖြစ်ပါတယ်။ အကယ်၍ ကိုယ်က မလုပ်ဖြစ်ခဲ့ဘူးဆိုရင် လက်မှတ်မရှိတဲ့သူတွေဟာ ထိုင်းအစိုးရရဲ့ ဖမ်းဆီးခြင်းကို ခံရမှာဖြစ်ပါတယ်” ဟု ပြောသည်။
၎င်းကဆက်လက်၍ “နိုင်ငံကူးလက်မှတ် လုပ်ထားခြင်းအားဖြင့် ထိုင်းနိုင်ငံ မည်သည့်နေရာကိုမဆို လွတ်လပ်စွာ သွားရောက်နိုင်ပြီး မည်သည့် အလုပ်ကိုမဆို လွတ်လပ်စွာ လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ သက်တမ်းကတော့ (၂)နှစ် တစ်ကြိမ်နဲ့ နှစ်ကြိမ် စုစုပေါင်း (၄)နှစ်သက်တမ်း ရရှိမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
နိုင်ငံကူး လက်မှတ်ကို နယ်စပ်မြို့များ ဖြစ်သည့် တာချီလိတ်၊ မြ၀တီ၊ ကော့သောင်းမြို့များအထိ သွားရောက်၍ လျှောက်ထားရမည် ဖြစ်သည်။
ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမားပေါင်း (၃) သန်းကျော် ရှိပြီး၊ (၇) သိန်းခန့်သာ အလုပ်သမား လက်မှတ် ရှိကြောင်း သတင်းရရှိသည်။
ယာယီနိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် အခြေခံအားဖြင့်
၁။ အလုပ်သမားလက်မှတ်ရှိရမည်။
၂။ အလုပ်ရှင်နှင့်အတူ မြန်မာနယ်စပ်မြို့များအထိ သွားရောက် လျှောက်ထားရမည်။
၃။ မြန်မာပြည် နိုင်ငံသား စိစစ်ရေးကတ် ရှိရမည်။
စသည့် အချက် ၃ ချက် လိုအပ်မည် ဖြစ်သည်။
ပြီးခဲ့သည့် လဆန်းပိုင်းက မြန်မာနိုင်ငံသို့ နိုင်ငံကူးလက်မှတ် သွားရောက် လျှောက်ထားသော အလုပ်သမား ၅၀ ခန့်ကို မြန်မာအာဏာပိုင်တို့က ယခုထိတိုင် ဖမ်းဆီး ချုပ်နှောင်ထားဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။ ထိုသတင်းကြောင့်လည်း အလုပ်သမားများမှာ မြန်မာနိုင်ငံသို့ ပြန်၍ နိုင်ငံကူး လက်မှတ်လုပ်ရန် စိုးရိမ်နေကြကြောင်းလည်း သိရသည်။
Comments