side affect of junta's "amnesy"

“လွတ်ငြိမ်းသက်သာခွင့်”ကို စောင့်ရသဖြင့် သာမန်အကျဉ်းသားတချို့ နစ်နာ
မိုးမခအထောက်တော်၊ ရန်ကုန်
စက်တင်ဘာ ၂၀၊ ၂၀၀၉

အစိုးရ၏ “လွတ်ငြိမ်းသက်သာခွင့်”ကို စောင့်ဆိုင်းနေခဲ့ရသဖြင့် သာမန်အကျဉ်းသားတချို့ လွတ်ရက်ကျော်ပြီးမှ ထောင်အပြင်သို့ ထွက်ခွင့်ရကြသည်ဟု သိရသည်။

စက်တင်ဘာ ၁၈ ရက်နေ့က ပေါင်းတည်ထောင်မှ လွှတ်ပေးသူ ၄၈ ဦး တွင် ၈ ဦးမှာ လွှတ်ရက် ကျော်နေသည်ဟု သတင်း ရရှိသည်။

“ဒီရက်မှ စောင့်လွှတ်ခံရတယ်” ဟု အမည်မဖော်လိုသူ မျက်မြင်သက်သေ တဦးက မိုးမခကို ပြောသည်။

တခြားထောင်များမှ ပြန်လွှတ်ပေးသူ အများအပြား ရှိသော်လည်း လွတ်ရက်ကျော်သည်အထိ “လွတ်ငြိမ်းသက်သာခွင့်”ကို စောင့်ဆိုင်းခဲ့ရသူ အကျဉ်းသား အရေအတွက် မည်မျှ ရှိသည်ကို မသိရသေးပေ။

ပေါင်းတည်မြို့အကျဉ်းထောင်မှ လွတ်လာသူ ၄၈ ဦးတွင် နိုင်ငံရေး အကျဉ်းသား တဦးလည်း ပါရှိသည်ဟု သိရသည်။

အကျဉ်းသားများအရေး စောင့်ကြည့်နေသော AAPP အဖွဲ့က ထုတ်ပြန်သော လွှတ်လူ စာရင်းအရ ပေါင်းတည်ထောင်မှ ပြန်လွတ်သွားသူ နိုင်ငံရေးသမား၏ အမည်မှာ မအိ ဖြစ်သည်။

မအိကို သောကြာနေ့ ည ၁၀ နာရီ ခန့်တွင် ထောင်အာဏာပိုင်များက ရန်ကုန်ဘက်သို့ သွားသော ခရီးသည်တင်ကား တစီးနှင့် တင်ပေးလိုက်သည်ဟု သိရသည်။

မအိ သည် ၂၀၀၇ သံဃာ့လှုပ်ရှားမှုတွင် ဦးဆောင်ခဲ့သည့် သံဃာတပါးဖြစ်သူ ဦးပဏ္ဍ၀ံသ ခေါ် ဦးပြည်ကျော်၏ တူမ တော်စပ်သည်ဟု သိရသည်။ ဦးပဏ္ဍ၀ံသသည် ၅နှစ် ချမှတ်ခံထားရပြီး ယခုအခါ ရခိုင်ပြည်နယ် ဘူးသီးတောင်ထောင်တွင် ရောက်နေသည်။

မအိ လွတ်မြောက်သွားသဖြင့် ပေါင်းတည်ထောင်တွင် နိုင်ငံရေး အကျဉ်းသား ၄ ဦး ကျန်ရှိနေသေးသည်ဟု သိရသည်။ ၎င်းတို့မှာ -
ကျော်ကျော် (NLD ဒေါပုံ လူငယ် တာဝန်ခံ) ထောင်ဒဏ် ၁၃နှစ်။
ဇင်လင်းအောင် (ကျောင်းသား) ထောင်ဒဏ် ၆ နှစ်ခွဲ။
ကြည်ကြည်ဝါ (NLD တနင်္သာရီတိုင်း လူငယ်) ထောင် ၁၁နှစ်။
မာမာအေး (ကြို့ပင်ကောက်မြို့နယ်) ၂ နှစ်။

ပေါင်းတည်ထောင်ထဲတွင် တပ်မတော် ထောက်လှမ်းရေး အရာရှိဟောင်း ၈ဦး ရှိသော်လည်း ယခု လွှတ်ပေးရာတွင် မပါဝင်ကြောင်း သိရသည်။

Comments