ရတနာပုံအသင်း ရှူံး၊ ဒိုင်ဆုံးဖြတ်ချက် မကျေနပ်သဖြင့် မန္တလေးသားတို့ ဗထူးကွင်းကို ပိတ်ဆို့
မိုးမခအထောက်တော် အမှတ် ၀၀၆
စက်တင်ဘာ ၂၄၊ ၂၀၀၉
ည ၈း၀၀ ခန့်အထိ ဗထူးကွင်း မြက်ခင်းပြင်တွင် သောင်တင်နေကြရသည့် ဒယ်လ်တာ ပရိသတ် နှင့် စာနယ်ဇင်းသမားတချို့ (ဓာတ်ပုံ- Bi Weekly Eleven ဂျာနယ်)
မိုးမခအထောက်တော် အမှတ် ၀၀၆
စက်တင်ဘာ ၂၄၊ ၂၀၀၉

ယမန်နေ့က မန္တလေးမြို့တွင် ကျင်းပသည့် ဘောလုံးပြိုင်ပွဲတွင် မန္တလေးပရိသတ် အများအပြားက ဒိုင်၏ အဆုံး အဖြတ်များ နှင့် ဘောလုံးသမားတချို့၏ အပြုအမူကို ကျေနပ်မှုမရှိသဖြင့် ဒေါသပေါက်ကွဲကြရာ ပွဲအပြီးတွင် ကွင်းထွက်ပေါက်ကို ယာယီ ပိတ်ဆို့လိုက်ကြသည်။
ဧရာဝတီတိုင်း ကိုယ်စားပြု ဒယ်လ်တာ အသင်းက မန္တလေးတိုင်းအသင်း ကိုယ်စားပြု ရတနာပုံအသင်းကို ၂ဂိုး ၁ဂိုး ဖြင့် နိုင်သွားသည့် အဆိုပါ ပွဲစဉ်အတွင်းတွင်လည်း ပရိသတ်က ကွင်းအတွင်းသို့ ပစ္စည်းမျိုးစုံဖြင့် ပစ်ပေါက်ပြီး ဒေါသကို ဖောက်ခွဲခဲ့ကြသည်။
ကွင်းလယ်ဒိုင်နှင့် စည်းကြပ်ဒိုင်များ၏ ဆုံးဖြတ်ချက်ပင် တူညီမှု မရှိခြင်း၊ ဒယ်လ်တာ ကစားသမားတို့က ပြစ်ဒဏ်ဘော ရရှိရန် ဟန်ဆောင်ပြီး မြက်ခင်းပေါ် အိပ်ချသည်ဟု သံသယရှိခြင်းတို့ကြောင့် ထိုသို့ ဒေါသထွက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ဘောလုံးကောက်ရန် တာဝန်ယူထားသည့် ကလေးငယ် တဦး ဦးခေါင်းတွင် ဒဏ်ရာ ရသွားသည်ဟု Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။
သို့သော်လည်း ဒယ်လ်တာ၏ အမှုဆောင်အရာရှိချုပ် ဦးခင်မောင်ကြိုင်က ရတနာပုံ ပရိသတ်များ၏ အပြုအမူများကို သည်းခံကြောင်း Soccer Myanmar အင်တာနက် ဘောလုံးသတင်းဌာနကို ပြောကြားခဲ့သည်။
“ဒီပွဲမှာ နှစ်သင်း စလုံးက ခြေညီ နေတာကြောင့် သူတင်ကိုယ်တင် ကစားခဲ့ရတယ်။ ကျွန်တော်တို့က အခွင့် အရေးတွေ ပိုရခဲ့လို့ နှစ်ဂိုး ရခဲ့တယ်။ ရတနာပုံက ပယ်နယ်တီနဲ့ တစ်ဂိုး ပြန်ချေတယ်။ သူတို့လည်း မညံ့ပါဘူး။ အသင်းကောင်း တစ်သင်း ဖြစ်ပါတယ်။ အခွင့်အရေး မရလို့သာ ရှုံးခဲ့တာပါ။ ပရိသတ်ကိုတော့ ကျွန်တော်တို့ အနေနဲ့ သည်းခံပါတယ်။ ဒီ ဘောလုံး အလုပ် လုပ်ပြီဆိုမှတော့ ပရိသတ်ဆိုတာ သည်းခံ ရမှာပါပဲ” ဟု ဦးခင်မောင်ကြိုင်က ပြောသည်။
ယနေ့ညနေပိုင်းတွင် တက်လာသည့် Soccer Myanmar ၏ သတင်းတပုဒ်တွင် ရတနာပုံ အသင်းက ယမန်နေ့ညနေပိုင်းပွဲစဉ်နှင့် ပတ်သက်သည့် ကွင်းလယ် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက် များကို မကျေနပ် ကြောင်း စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့သို့ ကန့်ကွက်လွှာ ပို့လိုက်သည်ဟု ရေးထားသည်။ “အမှားမှား အယွင်းယွင်း ဆုံးဖြတ်တတ်သော၊ အရည်အချင်း မပြည့်ဝသော၊ ညံ့ဖျင်းသော ဒိုင်လူကြီး များအား လုံးဝကျေနပ်မှု မရှိပါကြောင်း” ကန့်ကွက်လွှာတွင် ဖော်ပြထားသည်ဟု ဆိုသည်။
ရတနာပုံသည် ဤပွဲတွင် ရှုံးသဖြင့် သူ၏ ရှုံးပွဲမရှိ စံချိန်ပျက်သွားသည်။
ပထမ ဘောလုံးရာသီတွင် နောက်ဆုံးအဆင့်ဖြင့် ကျေနပ်ခဲ့ရသော ဒယ်လ်တာအသင်းသည် ယခု MNL ဖလား ဘောလုံးပွဲစဉ်များအတွက် လူဟောင်း ၁၅ ဦးကို ဖြုတ်ပြီး ပိုမိုသင့်လျော်မည်ဟု ယူဆရသည့် ကစားသမားအသစ်များကို ရှာဖွေ စုဆောင်းခဲ့သည်။
လူသစ်များဖြင့် ဖွဲ့စည်းထားသည့် ဒယ်လ်တာသည် ယခု အမှတ်ပေး ဘောလုံးပွဲစဉ်တွင် ထိပ်ဆုံးသို့ ရောက်ရှိနေသည်။
အောင်ပွဲများ ရရှိနေသော်လည်း ကစားသမားအများစုကို နစ်နာကြေးမပေးဘဲ စာချုပ်များ ဖျက်သိမ်းခဲ့သည်ဟူသော သတင်းများကြောင့် နာမည်ပျက်နေသည်။ ဒယ်လ်တာအုပ်ချုပ်သူများကမူ စည်းကမ်းချက်များအတိုင်း ဆောင်ရွက်ခဲ့ကြောင်း ပြန်လည် ချေပထားသည်။

Comments