အကျဉ်းသား ၇၁၁၄ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရ၊ နိုင်ငံရေးသမား ပါမပါ မသေချာသေး
AP သတင်းဌာန
စက်တင်ဘာ ၁၇၊ ၂၀၀၉
AP သတင်းဌာန
စက်တင်ဘာ ၁၇၊ ၂၀၀၉
နိုင်ငံအနှံ့ရှိ အကျဉ်းထောင်များမှ အကျဉ်းသား စုစုပေါင်း ၇၁၁၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သည်။ သို့သော်လည်း ထိုအထဲတွင် နိုင်ငံရေးအရ ထိန်းသိမ်းခံနေရသူများ ပါဝင်မှုရှိမရှိ မသိရသေးပါ။
အစိုးရ ရုပ်မြင်သံကြားက ယနေ့ညနေပိုင်းတွင် လွတ်ငြိမ်းချမ်းသာခွင့်သတင်းကို ကြေညာခြင်း ဖြစ်သည်။ ကောင်းမွန်စွာ နေထိုင်မှုကြောင့် လည်းကောင်း၊ လူသားချင်း စာနာမှု ရှုထောင့်မှ လည်းကောင်း လွှတ်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ကုမလသမဂ္ဂ နှင့် လူ့အခွင့်အရေး အဖွဲ့များက မြန်မာပြည်တွင် နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ထက်မက ရှိသည်ဟု ခန့်မှန်းထားသည်။ သို့သော်လည်း အစိုးရကမူ ထိန်းသိမ်းခံရသူ အားလုံးမှာ ရာဇ၀တ်မှု ကျူးလွန်ခဲ့ကြောင်း ပြောသည်။
ပြန်လွတ်လာသူများမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရပေ။ ယခင်က အစုလိုက် အပြုံလိုက် လွှတ်စဉ်ကလည်း နိုင်ငံရေးအကျဉ်းသား လက်တဆုပ်စာသာ ပါခဲ့သည်။ ပြန်လည် လွတ်မြောက်လာသူတို့က ဒီမိုကရေစီအရေး လှုပ်ရှားသူ အဖွဲ့များကို အကြောင်းကြားပါက ထိုအဖွဲ့များမှက ၎င်းတို့ လွတ်မြောက်လာကြောင်း ကြေညာကြသည်။
ဤနိုင်ငံ၏ အထင်ရှားဆုံး နိုင်ငံရေး အကျဉ်းသားမှာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ ဒေါ်စုသည် နေအိမ်အကျယ်ချုပ်ကျနေသည်။
အစိုးရက အရေးပါသည့် နေ့များတွင် ရာဇ၀တ်သား အများစု ပါဝင်သည့် လွတ်ငြိမ်းချမ်းသာခွင့်များ ပေးလေ့ရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလက အကျဉ်းသား ၆၃၁၃ ဦး ပြန်လွတ်လာရာ နိုင်ငံရေးသမား ၂၀ ခန့်သာ ပါဝင်သည်။
အကျဉ်းသားများအား လွှတ်ပေးခြင်းမှာ ယနေ့တွင် အစပြုခြင်း ဟုတ်မဟုတ် မသိရပါ။ မနက်ဖန် သောကြာနေ့သည် ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုကို နှိပ်ကွပ်ပြီး အာဏာသိမ်းခဲ့သည့် ၂၁ နှစ်မြောက် နှစ်လည်နေ့ ဖြစ်သည်။
လွတ်ငြိမ်းချမ်းသာခွင့်သည် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် သွားရောက်မည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

Comments