SPDC says Chinese tip-off led to border clash


တရုတ်က သတင်းပေးသဖြင့် နယ်စပ်မှ ကိုးကန့်လက်နက်စက်ရုံကိုတွေ့
AP သတင်းဌာန
စက်တင်ဘာ ၉၊ ၂၀၀၉

နယ်ခြားစောင့်မည်ဟု အာဏာသိမ်းကိုးကန့်တပ်ဖွဲ့ ခေါင်းဆောင် ဦးပယ်ဆောက်ချိန် ပြောပြီ (ဓာတ်ပုံ-AP)

တရုတ်နိုင်ငံက သတင်းပေးသဖြင့် စစ်အစိုးရ တပ်များက ပြီးခဲ့သည့် လတွင် တရားမ၀င် တည်ဆောက်ထားသည့် လက်နက်စက်ရုံကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း အရာရှိတဦးက ပြောသည်။

ယမန်နေ့က အာဏာပိုင်တို့သည် သံတမန် နှင့် သတင်းထောက်တချို့ကို ကိုးကန့်ဒေသသို့ လိုက်လံ ပို့ဆောင် ပြသခဲ့သည်။ ၎င်းတို့အား ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးချုပ် ဖုန်းဆွေက ရှင်းပြရာတွင် လက်နက်စက်ရုံကို တရုတ်နယ်စပ်အနီး တွေ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။ နယ်စပ်ဖြတ်ကျော် မှုခင်းများနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံနှင့် ၀န်ကြီးအဆင့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာမှ ထိုသို့ သိရခြင်းဖြစ်သည်ဟု ဆိုသည်။

တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ကောင်းမွန်နေသည်ဟု အသိပေးလိုသဖြင့် ထိုသို့ ပြောကြားခြင်း ဖြစ်မည်ဟု ယူဆရသည်။

တရုတ်နိုင်ငံမှ ကုမ္ပဏီကြီးများသည် မြန်မာပြည်၏ ရေနံ နှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများတွင် အကြီးအကျယ် မြှုပ်နှံထားသည်။

ဤအတောအတွင်း ကိုးကန့်ဒေသ ခေါင်းဆောင်သစ်က လာမည့်နှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု ပြောလိုက်သည်။

ကိုးကန့်ဒေသ အုပ်ချုပ်ရေး ကော်မတီ ခေါင်းဆောင် ဦးပယ်ဆောက်ချိန် (Phe Sauk Chen) က သတင်းထောက်များကို ပြောကြားရာတွင် သူ၏ တပ်များက စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေး အစီအစဉ်တွင် ပါဝင်မည်ဟု ပြောလိုက်သည်။

Comments