ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ (အပိုင်း ၂၄)
‘ဒေါ်အောင်စုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ’
အောင်ဝေး
စက်တင်ဘာ ၁၉၊ ၂၀၀၉

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ၁၉၈၉ ခုနှစ်ထဲမှာ ရှေ့ဆင့်နောက်ဆင့် ဆိုသလို ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပါတယ်။ အဲဒီကာလဟာ ၁၉၉ဝ ရွေးကောက်ပွဲ အကြိုကာလလည်း ဖြစ်ပါတယ်။
ထောင်အပြင်မှာ ကျန်ခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေဟာ ၉ဝ ရွေးကောက်ပွဲမှာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရရေး အတွက် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ အလံတော်အောက်ကနေ အစွမ်းကုန် ပူးပေါင်း ဆောင်ရွက်ခဲ့တယ်။
အဲဒီကာလ ကျောင်းသား လှုပ်ရှားမှုဟာ တရားဝင် နိုင်ငံရေးပါတီ ထောင်ပြီး လှုပ်ရှားတဲ့ အသွင် ရှိတယ်။ လူ့ဘောင်သစ် လှုပ်ရှားမှုဟာ NLD လူငယ်များရဲ့ လှုပ်ရှားမှုနဲ့လည်း ဆက်စပ်နေခဲ့တယ်။ ကျောင်းသား နိုင်ငံရေးဟာ အာဏာပိုင်နိုင်ငံရေး မဟုတ်ပါဘူးဆိုတာ လူ့ဘောင်သစ်ပါတီက သက်သေပြခဲ့တယ်။
နဝတ စစ်အုပ်စုက ၉ဝ ရွေးကောက်ပွဲ ရလဒ်ကို မျက်ကွယ်ပြုလိုက်ပြီးတဲ့နောက် ကျောင်းသား တိုက်ပွဲ လှုပ်ရှားမှု နှစ်ခု ထွက်ပေါ်လာခဲ့တယ်။ ၁၉၉၁ ဒီဇင်ဘာ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဘယ်ဆု အရေးအခင်းနဲ့ ၁၉၉၆ ဒီဇင်ဘာ အရေးအခင်းတွေပဲ။
၁၉၉၅ ခုနှစ် ဇူလိုင်လထဲမှာ နဝတ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်က ပြန်လွှတ်ပေးလိုက်ပါတယ်။ ကျောင်းသားတွေဟာ ဒေါ်အောင်ဆန်းစုကြည် အနားမှာ ပြန်လည် ဝန်းရံလိုက်ကြပါတယ်။
၂ဝဝဝ ပြည့်နှစ်ထဲရောက်တော့ နဝတ က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးသွားလာခွင့်ကို ပိတ်ပင်တဲ့ ညောင်တုန်းအရေးအခင်း၊ ဒလ အရေးအခင်းနဲ့ ရန်ကုန်ဘူတာကြီး အရေးအခင်းတွေဖြစ်ပြီး နဝတ စစ်ဗိုလ်ချုပ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝဝဝ ပြည့်နှစ် စက်တင်ဘာလထဲမှာ နေအိမ် အကျယ်ချုပ်နဲ့ ပြန်လည် ထိန်းသိမ်းလိုက်ပါတယ်။
နှစ်ရှည်ထောင်ဒဏ် အသီးသီး ကျခံနေရတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ မနီလာသိန်း၊ မမီးမီးတို့ အပါအဝင် ၈၈ မျိုးဆက် ဗကသ ကျောင်းသား ခေါင်းဆောင်တွေကို နဝတ အစိုးရက ဝေးလံ ဆိုးဝါးလှတဲ့ စစ်တွေ၊ မြင်းခြံ၊ သရက်၊ သာယာဝတီ စတဲ့အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းထားဆဲပါ။
၂၀၀၂ ခုနှစ် မေလထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လွှတ်လာပါတယ်။
၂ဝဝ၂-၂ဝဝ၃ တောက်လျှောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီ ခရီးစဉ်တွေမှာ ကျောင်းသားတွေ လိုက်ပါ လှုပ်ရှားခဲ့ကြတယ်။ ကျောင်းသားတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်တုန်းကမှ မကင်းကွာခဲ့ဘူး။ တနည်းအားဖြင့် ကျောင်းသားတွေဟာ ဒီမိုကရေစီ တိုက်ပွဲနဲ့ မကင်းကွာခဲ့ဘူး ဆိုတဲ့သဘောပါပဲ။
ကျောင်းသားတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှန်ကန်ရဲရင့်တဲ့ ဦးဆောင်မှု နောက်မှာ စည်းကမ်းရှိ ညီညွတ်ပြီး အမှန်တရားနဲ့ ကိုက်ညီတဲ့ အင်အားစု တခုအဖြစ် ရပ်တည်ခဲ့ကြတယ်။
၂ဝဝ၃ ခုနှစ် မေလ (၃ဝ)ရက်နေ့မှာ နဝတ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံတဲ့ ဒီပဲယင်း အရေးအခင်း ဖြစ်ပေါ်လာပါတယ်။ ဒီလုပ်ရပ်ဟာ နဝတ က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အသေသတ်ဖို့ အထိ ကြံစည်ခဲ့တဲ့ လုပ်ရပ်ဆိုတာ ကမ္ဘာက သိသွားခဲ့ပါတယ်။
ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး အင်းစိန်အကျဉ်းထောင်ထဲထည့်လို့ နေအိမ်အကျယ်ချုပ်နဲ့နေဖို့ အမိန့်ချခဲ့တာဟာ ဒီကနေ့ အခု ဒုတိယအကြိမ် နအဖ က ဒေါ်အောင်ဆန်းစုကြည်ကို မတရား အမှုဆင်ပြီး အင်းစိန်ထောင်ထဲ ပြန်ထည့်ထားတဲ့အထိ ပါပဲ။
ဒီပဲယင်း အရေးအခင်းမှာတော့ နဝတ ဟာ ဒေါ်အောင်ဆန်းစုကြည် ခြံထဲက သုံးရောင်ခြယ် ကျောင်းသားတွေကို တစ်ယောက်မကျန် ရှင်းပစ်လိုက်ပါပြီ။ တက်ကြွလှုပ်ရှားတဲ့ကျောင်းသားတွေဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အဝန်းအဝိုင်းမှာပဲ အစုအစည်းမပျက် ရပ်တည်ခဲ့ကြပါတယ်။
ဒီလိုအချိန် ၂ဝဝ၄ ခုနှစ် နှစ်ကုန်လောက်မှာ ကိုမင်းကိုနိုင်တို့ ၈၈ မျိုးဆက် ဗကသကျောင်းသား ခေါင်းဆောင်တွေ အားလုံး အကျဉ်းထောင် အသီးသီးက ပြန်လည် လွတ်မြောက်လာခဲ့ကြပါတော့တယ်။ နအဖ က ဘယ်လိုပဲ ချုပ်ချယ် ချုပ်ချယ် ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ အနားမှာ မျိုးဆက်သစ်၊ မျိုးဆက်ဟောင်း ကျောင်းသားတွေ စုေ ဝးဝိုင်းရံခဲ့ကြပါပြီ။
နအဖ အစိုးရဟာ ကျောင်းသားတွေရဲ့ နိုးကြား တက်ကြွတဲ့ အရိပ်အရောင်တွေကို ကြာရှည် ခွင့်မပြုခဲ့ပါဘူး။ ၂ဝဝ၆ ခုနှစ်ထဲမှာ ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့၊ ကိုအံ့ဘွယ်ကျော် စတဲ့ ကျောင်းသားခေါင်းဆောင် တချို့ကို ပြန်လည် ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။
အဲဒီမှာ အပြင်မှာကျန်ခဲ့တဲ့ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ ကိုမြအေး၊ ကိုပြုံးချို၊ ကိုဇော်မင်းမင်းစတဲ့ ကျောင်းသား ခေါင်းဆောင်တွေ ဦးဆောင်ပြီး အဖမ်းခံ ကျောင်းသားများပြန်လွှတ်ပေးရေး လက်မှတ်ထိုး တောင်းဆိုတဲ့ Signature Campaign လှုပ်ရှားမှု ပေါ်ထွက်လာခဲ့ပါတယ်။
ကျောင်းသားတွေက ဆက်လက်ပြီး အဖြူရောင် အင်္ကျီဝတ်ဆင်တဲ့လှုပ်ရှားမှု White Campaign ကိုလည်း လူထုကြားမှာ လှုံ့ဆော်လိုက်ပါတယ်။
နအဖ အစိုးရဟာ ကိုမင်းကိုနိုင်တို့ကို ကြာရှည် ဖမ်းမထားဘဲ လေးငါးလ အကြာမှာ ပြန်လွှတ်ပေးလိုက်ပါတယ်။ ’၈၈ မျိုးဆက် ကျောင်းသားများ ဆိုတဲ့ အမည်နာမဟာ ခိုင်မာလာခဲ့ပါပြီ။ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ရဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုတွေကို လိုက်လံ အားပေးတဲ့ Sunday Campaign တနင်္ဂနွေလှုပ်ရှားမှုလည်း ဆက်တိုက် ထွက်ပေါ်လာပါတယ်။
နအဖ အစိုးရက ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကို နည်းမျိုးစုံနဲ့ ကန့်သတ်ပိတ်ပင်ပါတယ်။ ဥပမာ – ရွှေဂုံတိုင် NLD ဌာနချုပ်ရှေ့မှာ နအဖ လက်ကိုင်တုတ် ကြံ့ဖွတ်တို့၊ စွမ်းအားရှင်တို့နဲ့ ထိပ်တိုက် ရင်ဆိုင်ရတာမျိုး၊ စာရေးဆရာ တာရာမင်းဝေ ဈာပနမှာ နအဖ က တားဆီး နှောင့်ယှက်တာမျိုး၊ ငါးထပ်ကြီးဘုရား၊ သိပ္ပံကျောင်းတိုက်မှာ ကျင်းပတဲ့ ရှစ်လေးလုံး အရေးတော်ပုံ (၁၉) နှစ်ပြည့် အခမ်းအနားကို ခြိမ်းခြောက် ဟန့်တားတာမျိုးတွေ နအဖက လုပ်လာပါတယ်။
၂ဝဝ၇ သြဂုတ်လထဲမှာ နဝတ အစိုးရက ဓာတ်ဆီဈေးတွေကို အဆမတန် မြှင့်တင်လိုက်တဲ့အတွက် ပြည်သူလူထုတွေ အကြီးအကျယ် ဒုက္ခရောက်ကုန်ကြပါတယ်။ ဒီကိစ္စကို ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က သြဂုတ်လ (၁၈)ရက်နေ့မှာ ပြည်သူတွေနဲ့အတူ ကုက္ကိုင်းကနေ တာမွေဈေး အထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။
နအဖ အစိုးရက ၂ဝဝ၇ ခုနှစ်သြဂုတ်လ (၂၁)ရက်နေ့၊ ညသန်းခေါင်မှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ခေါင်းဆောင် (၁၅)ဦးကို ဖမ်းဆီး ထိန်းသိမ်း လိုက်ပါတော့တယ်။
သူတို့ကို ဖမ်းလိုက်ပေမဲ့ မနီလာသိန်း၊ မမီးမီး၊ မစုစုနွေး၊ မနော်အုန်းလှတို့ ဦးဆောင်တဲ့ လူထုဆန္ဒပြပွဲတွေ ရန်ကုန်မြို့ နေရာအနှံ့ ဆက်တိုက် ဖြစ်လာပြီး နအဖ အစိုးရဖြုတ်ချရေး တိုက်ပွဲဟာ သံဃာ၊ ကျောင်းသား၊ ပြည်သူတွေရဲ့ ၂ဝဝ၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး ပေါ်ပေါက်လာတဲ့အထိပဲ မဟုတ်ပါလား။ ။

[ မူရင်း - လွတ်လပ်သည့်အာရှအသံ www.rfa.org/burmese ]
Comments