ကိုချိုတူး ဆိုခိုင်းလို့
ကျနော် ဆိုညည်းနေကျ သီချင်းတွေ
သစ်ကောင်းအိမ်
စက်တင်ဘာ ၂၉၊ ၂၀၀၉
ငယ်နာမည် ၀ဏ္ဏ
လူညံ့တွေနဲ့အမဲလိုက်တမ်းမကစားဘူး
မိန်းမမြတ် တယောက်ကို ချစ်တတ်တယ်
သေခြင်းတရားနဲ့လက်ထပ်ပြီး
သေရည်ပြင်းပြင်းကြိုက်တယ်
စိတ်ရှည်ရှည် မထားနိုင်တဲ့နှစ်တွေမှာ
ဆံပင်ရှည်ထားခဲ့သမျှ
ကိုယ့် တောစီးဖိနပ်ရဲ့အမှတ်တံဆိပ်က တောင်တန်းများ
ကိုယ့်ဂျင်းဘောင်းဘီက လောကဓံရှစ်ပါး အာမခံ
ကဗျာက ငါ့နိုင်ငံတော်အလံ
တခါသုံး ခေတ်ကြီးထဲမှာ
တခါသုံး အချစ်တွေရှိသလို
တခါသုံး ငွေစက္ကူတွေကို ထုတ်ဝေသင့်တယ်
လူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့မလိုဘူး
အာဏာကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့လိုတယ်
တကယ်တော့
လွတ်လပ်ခြင်းဆိုတာလည်း
ကျယ်ဝန်းတယ်…
သပ်ရပ်သန့်ရှင်းတယ်…
ဒါပေမယ့်
ဘုရားသခင်ရဲ့အကျဉ်းစခန်းတခုပဲမဟုတ်လား
မိုးကုတ်စက်ဝိုင်း
တံတိုင်းရှိရင်
ကောင်းကင်ကိုလည်း ငါမုန်းတယ်
ခုလို သစ်ရွက်ကြွေတဲ့ရာသီထဲ
ငါ့လည်ကုပ်ပေါ်က မှဲ့နက်လေးရယ်
မင်းဘယ်ဆီ လွင့်ပါးသွားပြီလဲ
ဘယ်သူ တက်နင်းလို့ ပြားသွားမှန်းမသိတဲ့
ကမ္ဘာကြီးပေါ်မှာ
မြန်မာပြည်သားတယောက်အနေနဲ့
ပျော်ပျော်ရွှင်ရွှင် အသည်းကွဲခဲ့တယ်။ ။
(၂၇။ စက်တင်ဘာ။ ၂၀၀၉)
Comments