U Thaung's article in Snap-shot journal


မိုးမခတွင် ရေးခဲ့သည့် ကြေးမုံဦးသောင်း၏လက်ရာတခု လျှပ်တစ်ပြက်ဂျာနယ်တွင် ဖော်ပြ
မိုးမခအထောက်တော် အမှတ် ၀၀၅
စက်တင်ဘာ ၂၀၊ ၂၀၀၉
ကြေးမုံဦးသောင်း၏ ဆောင်းပါးတပုဒ်ကို စက်တင်ဘာ ၁၈ ရက်နေ့ (သောကြာနေ့ထုတ်) လျှပ်တစ်ပြက် ဂျာနယ်တွင် ပြန်လည်ဖော်ပြထားသည်ကို တွေ့ရသည်။

ဆောင်းပါးမှာ သတင်းစာဆရာကြီး ဦးအုန်းခင် အကြောင်း ရေးသားထားသည့် ဆောင်းပါး ဖြစ်ပြီး အာစရိယအဆူဆူ-၁ ဟု အမည်ပေးထားသည်။

အဆိုပါ ဆောင်းပါးမှာ ၂၀၀၇ ခုနှစ် မတ်လက မိုးမခ အင်တာနက်စာမျက်နှာတွင် ပါရှိခဲ့ဖူးသည်။ လျှပ်တစ်ပြက်ဂျာနယ်က ပြန်လည် ဆန်းသစ်ရာတွင် မိုးမခ အမည်ကို ဖော်ပြထားခြင်း မတွေ့ရဘဲ၊ စာပေစိစစ်ရေးက ဆင်ဆာဖြတ်နိုင်ဖွယ်ရှိသည့် နိဂုံးပိုင်းကို ဖြုတ်ချထားသည်ကိုလည်း တွေ့ရသည်။

ဖြုတ်ချထားသော နိဂုံးပိုင်းတွင် ဗိုလ်ချုပ်ကြီးနေ၀င်းက သတင်းထောက်များနှင့် မျက်နှာချင်းဆိုင်ရမည်ကို ကြောက်ရွံ့ပုံ၊ သတင်းစာတစောင်က ၀န်ကြီးချုပ်တယောက်ကို ထိုးနှက်ရေးသားပုံတို့ ပါဝင်သည်။

လျှပ်တစ်ပျက်ဂျာနယ်တွင် ကြေးမုံဦးသောင်း၏ ဆောင်းပါးကို ဖော်ပြခြင်းကို သဘောကျကြောင်း သတင်းသမားတဦးက ပြောသည်။ စာပေစိစစ်ရေးက ဆင်ဆာဖြတ်နိုင်ဖွယ် အချက်အလက်များကို ဖော်ပြခြင်း မပြုသည်မှာလည်း သဘာဝကျပါသည်ဟု သူက ယူဆသည်။

ကြေးမုံဦးသောင်းသည် ယမန်နှစ်က အမေရိကန် ပြည်ထောင်စုတွင် ကွယ်လွန်သွားသည့် သတင်းစာဆရာကြီး ဖြစ်သည်။

လျှပ်တစ်ပြက်ဂျာနယ်တွင် ကွယ်လွန်သူ ကဗျာဆရာကြီး တင်မိုး၊ စာရေးဆရာကြီး မောင်သော်ကတို့၏ စာပေလက်ရာများကိုလည်း ဆက်လက် ဖော်ပြလျက်ရှိသည်။

တခြား မဂ္ဂဇင်း ဂျာနယ်များတွင် ထိုဆရာကြီးများ၏ စာမူများကို ပြန်လည် ဆန်းသစ်ခြင်း မတွေ့ရသေးပေ။

Comments