US keeps quiet about the detail of Nyi Nyi Aung

ကိုညီညီအောင်၏ အခြေအနေ အသေးစိတ် အမေရိကန်အစိုးရ မထုတ်ပြန်သေး
မိုးမခအထောက်တော် အမှတ် ၀၀၃
စက်တင်ဘာ ၁၀၊ ၂၀၀၉
ကိုညီညီအောင် ခေါ် ကိုကျော်ဇောလွင် (photo: moemaka)

အမေရိကန်နိုင်ငံသား ကိုညီညီအောင် ရန်ကုန်လေဆိပ်အ၀င်တွင် ထိန်းသိမ်းခံလိုက်ရသည်ဟူသော သတင်းကို ရရှိသည်နှင့် မြန်မာအာဏာပိုင်တို့ကို ဆက်သွယ်ပြီး မေးမြန်းစုံစမ်းခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ယမန်နေ့က ပြုလုပ်သည့် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောလိုက်သည်။

“ကောင်စစ်ဝန်က သူနဲ့ သွားတွေ့ခွင့်ရဖို့ ကြိုးစားနေပါတယ်” ဟု နိုင်ငံခြားရေး ဌာန ပြောခွင့်ရ အရာရှိ Mr. Ian Kelly က ၀ါရှင်တန်တွင် ပြုလုပ်သည့် ရှင်းလင်းပွဲအတွင်း သတင်းထောက်တဦး၏ အမေးကို ပြန်လည် ဖြေရှင်းစဉ် ထည့်သွင်း ပြောကြားလိုက်သည်။

ကိုညီညီအောင်၏ အခြေအနေ အသေးစိတ်ကို သတင်းထောက်က မေးမြန်းသော်လည်း အမေရိကန် ပြည်ထောင်စု၏ ဥပဒေအရ ထုတ်ဖော်ပြောကြားခြင်း မပြုနိုင်ဟု Mr. Ian Kelly က ဆိုသည်။

စက်တင်ဘာ ၃ ရက် ည ၆ နာရီခန့်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ထွက်ခွာသွားကြောင်း၊ ရန်ကုန်လေဆိပ်တွင် ထိန်းသိမ်းခံရကြောင်း ၎င်း၏ မိတ်ဆွေတချို့က ရန်ကုန်မြို့ အမေရိကန်သံရုံးသို့ ပေးပို့သည့် စာတွင် ဖော်ပြထားသည်။

မြန်မာပြည်သို့ ၀င်ရောက်ခွင့်ရရေးအတွက် ဘန်ကောက် မြန်မာသံရုံးက ဗီဇာထုတ်ပေးခဲ့သည်ဟုလည်း ဆိုသည်။

ကိုညီညီအောင် ခေါ် ကိုကျော်ဇောလွင်သည် အသက် ၄၀ ရှိပြီ ဖြစ်သည်။

Comments