voices of freed persons


မူလ အလုပ်အကိုင်များ ပြန်လည်မည်ဟု ထောင်မှ လွတ်လာသူ ၂ ဦး ပြော
မိုးမခအထောက်တော် အမှတ် ၀၀၂
စက်တင်ဘာ ၁၈၊ ၂၀၀၉
ယနေ့ အာဏာသိမ်း ၂၁ နှစ်ပြည့်နေ့တွင် စစ်အစိုးရ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ထောင်မှ လွှတ်လာသူ ၂ ဦးက မူလ အလုပ်များကို ဆက်လုပ်မည်ဟု AFP သတင်းဌာနကို ပြောကြသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဦးနိုင်းနိုင်းက နိုင်ငံရေး ဆက်လုပ်မည်ဟု ဆိုသည်။၊ “ကျနော်က နိုင်ငံရေးသမားအဖြစ် ဆက်ပြီး ရပ်တည်မှာပါ။ NLD အဖွဲ့ဝင် ဖြစ်တဲ့အတွက် ကျနော် NLD ကို ပြန် ဆက်သွယ်မယ်။ ထောင်က လွှတ်ပေးလိုက်တာ ကောင်းပါတယ်။ သူတို့ လုပ်သင့်တာကို သူတို့လုပ်တာပဲ” ဟု ယခုတကြိမ်တွင် ၉ နှစ် အကျဉ်းကျခံခဲ့ရသူ ဦးနိုင်းနိုင်းက ပြောသည်။

အီကိုဗွီးရှင်းဂျာနယ်မှ မအိမ့်ခိုင်ဦးက အလားတူ ပြောကြားသည်။

“ကျမ ပြန်လွတ်လာလို့ ၀မ်းသာမိပါတယ်။ သတင်းထောက်အလုပ်ကို ဆက်လုပ်မှာပါ” ဟု မအိမ့်ခိုင်ဦးက အင်းစိန်ထောင်ရှေ့ရှိ သတင်းသမားများကို ပြောသည်။

မအိမ့်ခိုင်ဦးသည် နာဂစ် ဒုက္ခသည်များအရေး ဆောင်ရွက်စဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု သိရသည်။

ထောင်ကျနေသူ ၇၀၀၀ ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ပြုမည်ဟု စစ်အစိုးရ၏ ကြေညာချက် ယမန်နေ့ ညနေက ထွက်ပေါ်လာသည်။

ဖေဖော်ဝါရီလကလည်း ၆၀၀၀ ကျော်ကို ထိုသို့ လွှတ်ပေးခဲ့ရာ နိုင်ငံရေးသမား ၃၀ ခန့် ပါဝင်သည်ဟု အကျဉ်းသားအရေး လေ့လာသည့် အဖွဲ့များက မှတ်တမ်း တင်ထားသည်။

ယခုတကြိမ်တွင် နိုင်ငံရေးသမား မည်မျှ ပါဝင်မည်ကို ထိုအဖွဲ့များက အတိအကျ မသိရသေးပေ။

ယနေ့ ညနေပိုင်းအထိ ပြန်လွတ်လာသူ နိုင်ငံရေးနယ်ပယ်မှ ၁၉ ဦး၏ အမည်စာရင်းကို ရရှိထားသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဆိုသည်။

Comments