Burmese to do religious process to avoid the natural disaster

အာရှသဘာဝဘေးဒဏ်နဲ့ မြန်မာပြည်အတွက် ဘာသာရေးအစီအမံတခု သတင်းပြန့်

မိုးမခအထောက်တော် ၀၀၃

အောက်တိုဘာ ၃၊ ၂၀၀၉

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အာရှတိုက် ကျွန်းစုများတွင် မုန်တိုင်း၊ ရေလွှမ်းနှင့် ငလျင်ဒဏ်တို့ တိုက်ခိုက်ခဲ့ပြီး လူအသေအပျောက်၊ အပျက်အစီးများ ရှိခဲ့ရာ မြန်မာပြည်သူများအကြား ဘာသာရေးအစီအမံတခု ထွက်ပေါ်လျက်ရှိပြီး ၎င်းကို အကာအကွယ်တခုအဖြစ် ဆောင်ရွက်ကြရန် ပြောဆိုနေကြသည်ဟု သိရသည်။

“ အခုတလော ရာသီဥတုက ဖောက်ပြန်နေတယ်။ မိုးတွေကြီးတာ၊ လေပြင်းတိုက်တာ စသည်ဖြင့် ပြီးတော့ ကောလဟလတွေကလည်း အမျိုးစုံ ထွက်နေတယ်။ အခုကြားရတာက ဆရာတော်တပါးက ဒီလို ဘာသာရေးအစီအမံကို ပြုလုပ်ရင် ကောင်းမယ်၊ အကာအကွယ်ရမယ် ဆိုတော့ ဒါကို လူတချို့က စိတ်ဝင်တစား ဖြစ်နေကြတယ် ” ဟု မိုးမခပရိသတ်တဦးက မှတ်ချက်ပေးသည်။

ရခိုင်ပြည်က လူသိများ ထင်ရှားသည့် ဆရာတော်တဦး၏ အမှာစကားအရ ယနေ့ စနေနေ့ ညနေ ၇ နာရီတွင် ဆီမီး ၄ တိုင်၊ အလံတိုင် ၄ ခု၊ ကြာပန်း ၄ ပွင့်၊ ရေ ၄ ခွက်ကို ဘုရားစင်တွင် ကပ်လှူပြီး အားလုံးသော သတ္တ၀ါတွေ ရေဘေး၊ လေဘေးမှ ကင်းကြပါစေဟု ၄ ရက် ဆက်တိုက် ဆုတောင်း မေတ္တာပို့ပေးကြရန် ဖြစ်သည်ဟု သိရှိရပါသည်။

ထိုဆရာတော်နှင့် ပတ်သက်ပြီး နာဂစ်မုန်တိုင်း၊ ဘီဂျလီမုန်တိုင်းတို့နှင့် တိုက်ဆိုင်ပြီး လူတို့အကြား လက်ဆင့်ကမ်းသတင်းစကားများ ဖြစ်ပေါ်ခဲ့ဖူးသည်။ မိုးမခတွင် ယခင်က ဖော်ပြခဲ့သည်ကို ဒီမှာ ကြည့်နိုင်ပါသည်။ http://moemaka.wordpress.com/2009/04/17/bijli-09-storm-brewing-and-burmese-turn-to-praying/

Comments