Khin Yee, Daw Suu, North Korea soccer team

မိုးမခတောထဲက သတင်းအပိုင်းအစများ
အော်ချက်ထုတ်တာ ကြိုက်ဘူး ရဲချုပ်ခင်ရီ
အဝေးကြည့်မှန်ပြောင်း
အောက်တိုဘာ ၄၊ ၂ဝဝ၉


ဂွတ်ဘိုင် ရဲချုပ်ခင်ရီ
မနေ့က မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ၄၅ နှစ်မြောက် မွေးနေ့ဗျာ။ နေပြည်တော်မှာ ဒီပွဲကို လုပ်တော့ ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတက်တယ်၊ ပြီးတော့ အောက်က အရာရှိကြီးများလည်း တက်တယ်လို့ ဒီကနေ့ သတင်းစာများမှာ ဆိုထားပါတယ်။

ဒုတိယရဲချုပ် ရဲမှူးချုပ်ဇော်ဝင်း၊
ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ်ခင်မောင်စီ၊
ရဲရေးချုပ် ရဲမှူးချုပ် စိုးဝင်းမြင့်၊
ရဲထောက်ချုပ် ရဲမှူးချုပ်ဝင်းစိုး

ဟုတ်ကဲ့၊ မိဘပြည်သူများ စောင့်စားနေတဲ့ ရဲချုပ်ခင်ရီ မပါဘူးခင်ဗျ။ ဒီတော့ ဆရာခင်ရီ “အကိုင်ခံလိုက်ရပြီ” ဆိုတဲ့သတင်းက သေချာပြီပေါ့။
ပုံရိပ်မှန်ဖို့ ပြောနေတဲ့ ဗိုလ်ချုပ်မောင်ဦး
“ပြည်သူကို ဝန်မပိစေရေး၊ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေးကို အထူးဂရုစိုက်” ဖို့ ဗိုလ်ချုပ်မောင်ဦးက မွေးနေ့ပွဲလာပရိသတ်ကို မှာကြားတယ်လို့ ဆိုပါတယ်။ သိပ်ကောင်းတာပေါ့ဗျာ။ လူတွေက ကူညီပါရစေ ဆိုတာကို ကြောက်နေကြတာ မဟုတ်လား။

ပြီးတော့ “နိုင်ငံတော်နှင့် ပြည်သူအပေါ် သစ္စာရှိကြ” လို့လည်း မှာကြားပါတယ်။ ပြည်သူ ဆိုရင် လုံလောက်ပါပြီ။ နိုင်ငံတော် ဆိုတာက ခုခေတ်မှာ ဗိုလ်ချုပ်ကြီးတွေကို ရည်ရွယ်တာဆိုတော့ အဓိပ္ပာယ်က ၂ ခွတိတိ ထွက်နေပြန်ရော။

“သူတစ်ပါးကို အရေးယူနိုင်ရန် ဖမ်းဆီးစစ်ဆေး တရားစွဲတင်ရသောဌာနဖြစ်၍ မိမိကိုယ်တိုင် ပုံရိပ်မှန်မှ တပ်ဖွဲ့၊ ဌာန ဂုဏ်တက်မှာဖြစ်ကြောင်း” လို့လည်း ပြောပါတယ်။ မခိုးနဲ့ ဓားပြမတိုက်နဲ့ပေါ့ဗျာ။ ကောင်းပါလေ့။ ဒါပေမယ့် သို့သော် - သတင်းထဲမှာ “အလှူရှင် ကုမ္ပဏီ ၄၇ ခုတို့မှ လှူဒါန်းသော အလှူငွေများကို လက်ခံ” လို့လည်း ဆိုထားပြန်တော့ တွေးစရာ ဖြစ်နေ ဒါမှမဟုတ် တွေးစရာကို မလိုတော့ဘူး ဖြစ်နေပြန်ပါရေား)

မြန်မာပြည်က စီးပွားရေးကုမ္ပဏီတွေက ပေးကမ်းခြင်းသည် အောင်မြင်ရာ၏ ဆိုတဲ့ မူဝါဒကို ကိုင်ထားသလား၊ ဒါမှမဟုတ် အလှူအတန်း သိပ်ရက်ရောတာလား ဆိုတာကိုတော့ သတင်းထဲ ရေးမထားပါဘူး။

စိတ်ဝင်စားစရာ ဖလားဝါးနယူးစ်ဂျာနယ်
ဒီကနေ့ သတင်းစာမှာ ဖလားဝါးနယူးစ်ဂျာနယ် ကြော်ငြာကို တွေ့ရပါတယ်။ “ယခုတစ်ပတ်ထုတ် ဖလားဝါးနယူးစ်ဂျာနယ် အတွဲ(၅) အမှတ်(၃၈)၌ မလေးရှားတွင် မြန်မာအလုပ်သမများ ဓားပြတိုက်ခံရမှု သံရုံးက စုံစမ်းစစ်ဆေးပေး” လို့ ဆိုပါတယ်။ မြန်မာသံရုံးတွေ အားမကိုးရဘူးလို့ နာမည်ပျက်နေတဲ့ ကာလမှာ ဒီသတင်းကြောင့် သံရုံးကဆရာတွေ အားတက်စရာပေါ့။

ဂျာနယ်မှာ ပါတဲ့ နောက်တပုဒ်ကတော့ မြောက်ကိုရီးယား အမျိုးသမီးဘောလုံးအသင်း မြန်မာနိုင်ငံကို လာပြီး ချစ်ကြည်ရေး ဘောလုံးပွဲ ကစားမယ် လို့ ဆိုပါတယ်။

မြောက်ကိုရီးယား နဲ့ မြန်မာပြည် ချစ်ကြည်နေသည် ဆိုတဲ့သဘော သက်ရောက်သလို၊ နိုင်ငံတော်က ဘောလုံးကို အထူးအားပေးတယ်လို့လည်း ယူဆစရာပေါ့ဗျာ။
မြောက်ကိုရီးယား အမျိုးသမီး ဘောလုံးအသင်း (ဓာတ်ပုံ - Doha)
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာရဲ့ ၀က်ဆိုက် www.fifa.com မှာ ဖော်ပြထားချက်အရ အမျိုးသမီးအသင်းတွေထဲမှာ ကမ္ဘာ့အကောင်းဆုံးအသင်းကတော့ အမေရိကန် ပြည်ထောင်စု လက်ရွေးစင်အသင်းဖြစ်ပါတယ် တဲ့။ အောက်က စာရင်းမှာ ကြည့်ပါ။ မြောက်ကိုရီးယားက ကမ္ဘာ့အကောင်းဆုံး နံပတ် ၅ အဆင့် ချိတ်ပါတယ်။ မြန်မာပြည်က ၄၂ ပါ။ ဒါကြောင့် ချစ်ကြည်ရေးပွဲက သိပ်ကြည့်ကောင်းမယ့်ပုံ မပေါ်ပါဘူး။ ဒါပေမယ့် မြန်မာအမျိုးသမီးတွေက ကိုယ့်ထက်တော်တဲ့သူနဲ့ ပြိုင်ရမယ် ဆိုတော့ ပညာရမယ့်ပွဲလို့ ဆိုနိုင်ပါတယ်။

၁။ ယူအက်စ်
၂။ ဂျာမဏီ
၃။ ဘရာဇီး
၎။ ဆွီဒင်
၅။ မြောက်ကိုရီးယား
၆။ ဂျပန်
၇။ နော်ဝေ

၄၂။ မြန်မာ

မြန်မာ့အသင်းက အလယ်အလတ်အဆင့် ရှိပါတယ်။ တန်ဇီးနီးယား အသင်းက နံပတ် ၉၉ ချိတ်လို့ပါ။

အော်ချက်ထုတ်တာ ကြိုက်ဘူး
ဒီနေ့သတင်းစာမှာ တွေ့ရတဲ့ ဒေါ်စု (မူရင်းပုံကြည့်ဖို့ ဒီနေရာကို နှိပ်ပါ။)

ဒေါ်စုနဲ့ ဦးအောင်ကြည် တွေ့တဲ့သတင်းလည်း ဒီနေ့သတင်းစာမှာ ပါသဗျ။ ဒေါ်စုက ဗိုလ်ချုပ်မှူးကြီးဆီကို စာပို့တယ်၊ ဒါကြောင့် တွေ့တယ် လို့ သတင်းစာမှာ ရေးထားပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဲဒီစာနဲ့ပတ်သက်ပြီး အများသိအောင် ပြောလိုက်တာကို ဗိုလ်ချုပ်ကြီး အေးချမ်းသာယာရေးတို့က ကြိုက်ပုံမရပါဘူး။ “ယင်းစာကိုပင် ၂ဝဝ၉ ခုနှစ် စက်တင်ဘာ(၂၈) ရက်စွဲပါ အထူးကြေညာချက် ၆/ဝ၉/ဝ၉ ဖြင့် ပြည်တွင်းပြည်ပသို့ မီဒီယာများမှတစ်ဆင့် ဖြန့်ဝေမှု ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရသည်” လို့ သတင်းစာက မကျေနပ်သံနဲ့ ဆိုထားပါတယ်။

ဟုတ်တာပေါ့၊ အဖွဲ့ချုပ်ကလည်း ဘာကြောင့် အော်ချက်ထုတ်ပါလိမ့်၊ ခပ်တည်တည်နေတာ မဟုတ်ဘူး) ဒါတွေက နိုင်ငံတော်လျှို့ဝှက်ချက် မဟုတ်လား) ဒေါ်စုနဲ့ တွေ့တုန်းက ဦးအောင်ကြည် သို့ကလို ရန်ထောင်လိမ့်မယ်နဲ့ တူပါရဲ့။

သတင်းမှာ ထူးခြားတာ တခု ပါပါတယ်။ ဒေါ်စုရဲ့ စက်တင်ဘာ(၂၅) ရက်စွဲနဲ့ စာက အောက်တိုဘာ(၁)ရက်နေ့မှ ဗိုလ်ချုပ်ကြီးတွေဆီကို ရောက်တယ်လို့ ဆိုပါတယ်။ မြန်မာပြည် စာပို့စနစ် slow go go ဖြစ်တာကို ကြွားချင်တာများလားလို့ စဉ်းစားစရာပါ။

Comments

kk said…
What an interesting writing style!! Purely a Satirist!
am with you.
Cheers!