Maung Tha Ya, Burmese Writer in Exile turns 78

စာရေးဆရာကြီးမောင်သာရ ၇၈နှစ်ပြည့် စာပေမိတ်ဆွေများနှင့် ဆုံကြမည်

မိုးမခအထောက်တော် ၀၀၁

အောက်တိုဘာ ၁၇၊ ၂၀၀၉

၁၉၉၉ ခုနှစ်မှာ ပြည်ပကို ထွက်ခွာခဲ့ပြီး နီဗားဒါးပြည်နယ်၊ လပ်စ်ဗေးဂတ်စ် အရပ်မှာ တဦးတည်း ပြောင်းရွှေ့နေထိုင်နေသူ မြန်မာပြည်ရဲ့ နံမည်ကျော် ၀တ္ထုရေးဆရာ၊ စာရေးဆရာ မောင်သာရ က ယခုလာမည် ရှေ့တပတ်၊ အောက်တိုဘာ ၂၃ သောကြာနေ့မှာ ၎င်းအသက် ၇၈ နှစ်လည်းပြည့်၊ မွေးနေ့၊ မွေးရက်လည်း တိုက်ဆိုင်တဲ့ မွေးနေ့အလှူ မိတ်ဆုံပွဲကို ကျင်းပမည်ဟု သိရပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ်များက အတော် နေထိုင်မကောင်းဖြစ်ခဲ့လို့ ဆရာဝန်တွေ၊ ဆေးခန်းတွေနဲ့ ကုသစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့အကြောင်း၊ အစာအိမ်အတွင်းမှာ အနာတခု တွေ့တဲ့အကြောင်း၊ ဆေးဝါးကုသလို့ ရတဲ့အတွက် စိုးရိမ်စရာ မရှိတဲ့အကြောင်း မိုးမခကို သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပြောပြသွားပါတယ်။

ဆရာမောင်သာရကို ချစ်ခင်လေးစားတဲ့ စာပေမိတ်ဆွေတွေ၊ စာဖတ်ပရိသတ်တွေက ရပ်နီး ရပ်ဝေးကနေပြီး လာရောက် တွေ့ဆုံကြဖို့ စီစဉ်နေကြတယ်လို့ သိရှိရပါတယ်။ မြန်မာပြည်က ပြောင်းရွှေ့ရောက်ရှိနေကြသူ စာရေးဆရာ၊ အနုပညာရှင်ကြီးများဟာ အမေရိကန်က တနေရာစီမှာ အခြေချနေထိုင်ကြတဲ့အတွက်ကြောင့် သူတို့ချင်း ဆုံတွေ့ကြဖို့ကတော့ ခဲယဉ်းလှပြီ ဖြစ်ပါတယ်။ စာဖတ်ပရိသတ်များကလည်း စာပေဟောပြောပွဲများမှာမှ ဆရာကြီး၊ ဆရာမကြီးများကို တွေ့ဆုံခွင့်ရတာ ဖြစ်ပါတယ် လို့ မိုးမခကို ပရိသတ်တဦးက ခံစားချက်ကို ပြောသွားပါတယ်။

အမေရိကန်အရှေ့ဖက်ခြမ်းမှာ ဆိုလျင် မေရီလင်းမှာ ဆရာဦးဝင်းဖေ (၇၃ နှစ်)၊ နယူးယောက်မှာ ဆရာမောင်စွမ်းရည် (၇၂ နှစ်)၊ အမေရိကန်အလယ်ပိုင်း အင်ဒီယာနာ၊ ဖို့ဝိန်းမှာ (ဒေါ်) မာမာအေး ( ၆၅ နှစ်) နဲ့ ယခု နီဗားဒါး၊ ဗေးဂတ်စ်မှာ ဆရာ မောင်သာရ (၇၈ နှစ်) တို့ အသီးသီး နေထိုင်ကြတာကို တွေ့ရပါတယ်။ ၂၀၀၇ နှစ်ဆန်းက ကွယ်လွန်ခဲ့သူ ကဗျာဆရာ တင်မိုး က အမေရိကန်အနောက်ခြမ်း လော့အိန်ဂျလိစ်မှာ ခေါင်းချခဲ့ပါတယ်။

Comments