Moe Sal Nay - Mother & Son

ရင်ရဲ့ အနမ်း
မိုးစဲနေ
အောက်တိုဘာ ၂၈၊ ၂၀၀၉
ဆောင်းအကြို ရော်ရွက်တွေနဲ့
တုပထားတဲ့ ပိတောက်တောအုပ်တခုလုံးကို
ရင်နဲ့နမ်းပြီး လျှောက်ခဲ့တယ်။

ကိုယ့်တိုင်းပြည်ကို ကိုယ်လွမ်းတာ
ရာဇ၀တ်မှုမြောက်တယ်ဆိုရင်
ပြည်ပြေးတယောက်ရဲ့ရင်အုံကို
မြားအစင်းစင်းနဲ့ ပစ်ခတ်ပါ။

သားက အမေ့ကို လွမ်းတဲ့အခါ
မစ္စစပီမြစ်ကြီးဘေးမှာ ထိုင်တယ်
မစ်ချီကန်ပင်လယ်သေကြီးရဲ့
ချိချိနဲ့နဲ့လှိုင်းတွေကို ငေးတယ်
အလုပ်တွေ ဖိလုပ်တယ်။

အမေက သားကိုလွမ်းတဲ့အခါ
နှစ်လေးဆယ်ကျော်က
ကျနော့်ကို ထွေးပွေ့ခဲ့တဲ့ အနှီးလေးကို
အမေ ငေးနေမလား
အမေ မရေးတတ်ပေမဲ့
အမေ့မျက်ရည်တွေက ကဗျာပါ
အကြေကွဲရဆုံး ကဗျာပါ။

အိပ်တန်းတက်ချိန်မှာ
ရင်အုံပျောက်နေတဲ့ ကြက်ကလေးတွေလိ
ကျနော် …
လက်တွန်းလှည်းလေးတွေနဲ့ အထီးကျန်ဈေးဝယ်ထွက်ရတဲ့
အမေတွေကို ချစ်တယ်အမေ။

အမေ နေမကောင်းဘူး
ကြားရတိုင်း
မိုင်ထောင်ချီ ထွက်ပြေးခဲ့တဲ့
ကျနော့်ခြေထောက်တွေကို
ကျနော် မုန်းတယ်။

ကျနော် နေမကောင်းဖြစ်တိုင်း
အမေချက်တဲ့ ကံစွန်းရွက်ချည်ရည်ဟင်းလေး
စားချင်တယ်အမေ။

ခဏလေးဖြစ်ဖြစ်
အမေ ရယ်မောနိုင်ပါစေ
အမေ ရယ်မောတိုင်း
ကျနော်က ကြယ်လေးတစင်း ဖြစ်သွားခဲ့တယ်။

အမေ့ကို မနမ်းရတဲ့အခါ
ဆောင်းအကြို ရော်ရွက်တွေနဲ့
တုပထားတဲ့ ပိတောက်တောအုပ်တခုလုံးကို
ရင်နဲ့နမ်းပြီး လျှောက်ခဲ့တယ် … အမေ။


၂၂ အောက်တိုဘာ၊ ၂၀၀၉ - ညနေ ၆း၃၈ နာရီ


Comments