Moe Sal Nay - One of these Days ...

ဇာတ်နာတယ် ရုံက မသန့်ဘူး

မိုးစဲနေ

အောက်တိုဘာ ၁၂၊ ၂၀၀၉

ရုံမသန့်ဘူး
ဇာတ်ကနာတယ်၊
မင်းသမီး လွမ်းခန်းတွေများတယ် …
ဇာတ်လမ်းတခုလုံး ဗီလိန်တွေ ပိုများတယ် ...
ဇာတ်လိုက်တွေက တရုတ်သိုင်းကားဆန်တယ် …
သူထက်သူ စွမ်းတယ် …
ခက်တာက ရုံက မသန့်ဘူး
ဇာတ်ကနာခဲ့တယ်။

ရုံမသန့်လို့
ဇာတ်က နာလွန်းတဲ့အထဲ
ပရိသတ်က ကြည့်ချင်ယောင်ဆောင်နေရတယ် …
ပွဲဈေးတန်းက အကြော်သည်မလေး အအေးမိတာ …
လူမသိလိုက်ဘူး၊
ပွဲဈေးတန်းမှာ ချဲထီရောင်းတဲ့ ကောင်လေး
စီမံချက်လိုင်းကြေး တနင့်တပိုး ပေးလိုက်ရတယ်၊
ဘ၀ကို ရေမွှေးဆွတ် မိတ်ကပ်ထူထူလိမ်းရတဲ့ ကောင်မလေးတွေ
ပေါ လာတယ်၊
ဘာမှ မလုံခြုံတဲ့ ပွဲခင်းလေးမှာ
လုံခြုံရေးတွေ လွှတ်များတယ်။

ငါကတော့ …
ထဲထဲဝင်ဝင် ပြောခွင့်မသာတဲ့ ဇာတ်မှာ
ဟိုး… ပရိသတ် နောက်နားက
ဆေးလိပ်တတိုနဲ့ ဘေးထိုင် ဘုပြောတယ်၊
မင်းသမီးကို လူဆိုးတွေ ဖမ်းတဲ့အခါ
မင်းသမီး လွတ်စေရေး ဆုတွေ တောင်းတယ်၊
မင်းသမီးကို လူဆိုးတွေ လွှတ်ချင်ယောင်ဆောင်တဲ့ ဇာတ်ဝင်ခန်းကို
လက်ခုပ်လက်ဝါးတီး အားပေးတယ်။


တော်သေးတယ်

ဇာတ်ထဲ လူဆိုးတွေ

လူအခွင့်ရေးဆု ခဏ ခဏ မရလို့။

မင်းသမီးကို ပင်တိုင်ထားတဲ့ ဇာတ်မှာ
တော်သေးတယ် …
မီးဇာလည်းမကုန် ဆီလဲမခန်းလို့။

တော်သေးတယ် …
မိုက်မိုက်မဲမဲ ရိုးသားမှုတွေ ရှိနေလို့။

တော်သေးတယ် …
ကိုယ့်ဇာတ်လမ်းကို ချ မရောင်းခဲ့တဲ့သူတွေ ရှိလို့။
တော်သေးတယ် …
နိုင်ပွဲ မရတိုင်း
ပ၀ါဖြူလေး ထောင်မပြတတ်တဲ့ သူတွေရှိလို့။
တော်သေးတယ် …
ကမ္ဘာမကြေတဲ့ မျိုးဆက်တွေ ရှိနေလို့။

မင်းသမီးရေ …
ခင်ဗျား ကရတဲ့ ဇာတ်က
လွမ်းခန်းတွေ များတယ်၊
ကြောင်သူတော်တွေ ကြွက်သူခိုးတွေ များတယ်၊
ဇာတ်လိုက်တွေက လက်မဖြောင့်ဘဲ ဗိုလ် လုပ်တယ်၊
အရောင်မရှိတဲ့သူတွေကလည်း အယောင်ဆောင်တယ်၊
ကုမ္ပဏီ ထောင်တယ်၊ အတောင်းအရမ်း များတယ်၊
ဇာတ်လိုက်တွေ လက်နက်ကို စွန့်ပြီး
ရာသီစာ အန်ဂျီအို ယောင်ဆောင်ကြတယ်။

ကျနော်ကရော …
မင်းသမီးရေ …
ကျနော်ကတော့
ဟိုး ပရိသတ် နောက်နားလေးမှာ
ဆေးပေါ့လိပ်တတိုနဲ့ ဘေးထိုင် ဘုပြောတယ်၊
ရုတ်ရုတ်သဲသဲ ပွဲလန့်တိုင်း ဖျာခင်းတယ်၊
ဒီလိုနဲ့ မိုးကြီး လင်းတယ်၊
ရုံက မသန့်ဘူး
ဇာတ်ကလည်း နာတယ်။ ။

၉၊ အောက်တိုဘာ၊ ၂၀၀၉

Comments