အမေရိကန် ညရထား
စမ်းစမ်းတင်
အောက်တိုဘာ ၁၉၊ ၂၀၀၉
မှောင်ကြီးမည်းထဲ
ညခရီး …
ရထား စီးခဲ့ ။
မှောင်နေချိန်မို့
တောင်ညိုညို တောစိုစို
မတွေ့
ည ဖြစ်နေလို့
ရေကြည်ကြည် တသွင်သွင်
ချောင်းနဲ့ မြစ်ရေပြင်
မတွေ့။
အမေရိကန် ညရထားခရီးဝန်းကျင်ဟာ
ရန်ကုန် - မန္တလာ
ရန်ကုန် - ရွှေမြိုင်သွား
ရထားခရီး သဏ္ဍာန်
မှောင်ပျပျ အလင်းမဲ့ညဆန်ဆန် …
မတူတာက
အဝေးပျပျက မြို့ပြမီးစ
အဝေးပျပျက - မြိုင်နေတဲ့
လမ်းမီးတိုင်။
တဘူတာဝင် တဘူတာထွက်ပြန်တော့
အမေရိကန် ဘူတာဟာ
မြန်မာဘူတာ မဆန်ပြန်။
ဥသြသံ ကလွဲ
ဘာသံမှ မရစ်ဝဲ
ရေရမယ် … ရေနွေးရမယ် …
အကြော်စုံ …
လဘက်ရည် …
စာကလေးကြော်၊ ဆီထမင်း၊ ထမင်း ဟင်း …
သီချင်းတွေကို ငိုဆိုသလို
ဆာလောင်တဲ့ ဘဝ
မရအရ ဖြေရှင်း
ကလေးတသင်းရဲ. လွမ်းချင်း
အမေရိကန်ရထားနဲ့ ညခရီးသွား
မြန်မာ တယောက်တည်း
ကြေကွဲစိတ်နဲ့ တမ်းတ ။ ။
(၂၀၀၉ အောက်တိုဘာ ၁၈
မင်းကိုနိုင် ၄၇နှစ်မြောက်မွေးနေ့)
Comments