selling everything before 2010 election

နအဖ၏ လေလံစီးပွားရေးကြောင့် ကားဈေးကွက်၊ အိမ်ဈေးကွက် ပျက်
မိုးမခအထောက်တော်၊ ရန်ကုန်
အောက်တိုဘာ ၂၇၊ ၂၀၀၉
အစိုးရက ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံပိုင် ပစ္စည်းများကို ထုခွဲရောင်းချလျက်ရှိသည်ဟု စီးပွားရေး လေ့လာသူများက ပြောသည်။

မြေကွက်၊ တိုက်ခန်း၊ သိမ်းဆည်းထားသည့် ကားများ၊ စက်လှေများ ထုခွဲရောင်းချသည်မှ လွဲ၍ စီးပွားရေး ကောင်းမွန်လာစေရန် တခြား မည်သည့် လုပ်ဆောင်ချက်မျှ မတွေ့ရသဖြင့် စီးပွားရေး နယ်ပယ် အသီးသီးတွင် ကျဆင်းလျက်ရှိနေသည်ဟုလည်း လုပ်ငန်းရှင်များက ထောက်ပြကြသည်။

ယခုနှစ်ဆန်းကတည်းက စတင်သည့် နိုင်ငံအနှံ့ ကားလေလံများကြောင့် စီးပွားရေးနယ်ပယ်တွင် လည်ပတ်လျက်ရှိသည့် ငွေသိန်းပေါင်း သန်းနှင့်ချီပြီး နအဖ အစိုးရလက်ထဲ ရောက်ရှိသွားခဲ့ပြီဟု ကားဝယ်ရောင်းလုပ်ကိုင်သူများက ပြောဆိုသည်။

၂၀၀၄ ခုနှစ် အကုန် စစ်ထောက်လှမ်းရေးများကို ဖြုတ်ချအပြီး လပိုင်းအတွင်း သိမ်းဆည်းခဲ့သည့် လိုင်စင်မဲ့ကားများကို နှစ်ဆန်းမှ စတင်ပြီး ပြည်နယ်နှင့် တိုင်းအသီးသီးရှိ မြို့ကြီးများတွင် ရောင်းချခဲ့ခြင်းဖြစ်သည်။

တခြားသော နိုင်ငံများတွင် အမေရိကန် ဒေါ်လာ ၂ထောင် ၃ထောင်မျှသာ တန်သည့် တပတ်ရစ် ဝေဂွန်၊ ဆလွန်းနှင့် ပစ်ကပ်ကားများကို နအဖ အစိုးရ၏ လေလံပွဲတွင် ကြမ်းခင်းဈေး မြန်မာငွေ ကျပ်သိန်း ငါးရာမှ သိန်း ထောင်ဂဏန်းအထိ ရှိနေသည်။ ယခုရက်ပိုင်းတွင် ပြီးစီးခဲ့သည့် ကျိုင်းတုံ လေလံပွဲတွင်လည်း ကားအစီးရေ ၈၀၀ ကျော်ကို လေလံ တင်ခဲ့ရာ ကျပ် သိန်းပေါင်း ၃သိန်းမှ ၄သိန်း အထိ ရရှိခဲ့မည်ဟု ဈေးကွက်ထဲမှ ကားဝယ်ရောင်းများက ခန့်မှန်းကြသည်။

အိမ်ခြံမြေ ဈေးကွက်တွင်လည်း အစိုးရပိုင် မြေကွက်များ၊ စက်ရုံများ၊ ၁၉၆၃ ခုနှစ် တော်လှန်ရေး အစိုးရက ပြည်သူပိုင် သိမ်းလိုက်သည့် တိုက်ခန်း၊ မြေ နှင့် စက်ရုံများကို ယခုနှစ်အတွင်း လေလံပေါင်း ၅ ခု ဖြင့် ရောင်းချလျက်ရှိရာ ကျပ်သိန်းပေါင်း သန်းနှင့်ချီ ရရှိနိုင်သည့် ပမာဏ ဖြစ်သည်။

သြဂုတ်လကုန်က ချိတ်ပိတ် လေလံတင်ခဲ့သည့် ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းရှိ AA Pharmacy တည်ရှိရာ အဆောက်အဦ တခုကိုပင် ကျပ်သိန်းပေါင်း သုံးသောင်းနှင့် လေးသောင်းအကြား ပေးဝယ်သူ ရှိခဲ့သည်။

မရမ်းကုန်းမြို့နယ်ရှိ မျက်နှာသုတ်ပုဝါ စက်ရုံတခုကို ဗိုလ်ချုပ်ကြီးတို့၏ စီးပွားရေး ဦးပိုင် လီမိတက်က သိန်းပေါင်း ၂သိန်းနှင့် ၀ယ်ယူခဲ့ကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရှိရသည်။

စီးပွားရေးနယ်ပယ်တွင် လည်ပတ်နေသည့် ငွေ ပမာဏ များစွာကို နအဖ အစိုးရက ပြန်လည် သိမ်းယူသွားသည်ဟု ဆိုနိုင်သည့် လေလံ ထုခွဲရောင်းချခြင်းများကြောင့် ပြည်တွင်းစီးပွားရေး ဈေးကွက်တွင် ငွေကြေးလည်ပတ်မှု နည်းပါးလာကြောင်း၊ ဈေးကွက် ပျက်လုနီးနီး အခြေအနေဖြစ်လာကြောင်း ကားဈေးကွက်မှ စီးပွားရေးသမားများက ပြောသည်။
ယခင်က ကားဈေးကွက်တွင် ၀င်ရောက် ဈေးကစားကြသည့် ဘုရင့်နောင်မှ ပဲကုန်သည်ကြီးများလည်း ပဲဈေးကွက် ပျက်ခြင်း၊ လိမ်လည်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ကားဈေးကွက်ဘက် မလှည့်နိုင်သည်မှာ ၂ နှစ်ခန့်ရှိပြီဟု ကားပွဲစားတဦးက ပြောသည်။

ယခုကဲ့သို့ မြေကွက်များ၊ တိုက်ခန်းများ၊ စက်ရုံများ ရောင်းချရာတွင် ဗိုလ်ချုပ်များ၊ ၀န်ကြီးများနှင့် နီးစပ်သူများကို လေလံအောင်စေခြင်းဖြင့် အစိုးရအဖွဲ့၏ ထိပ်ပိုင်း ခေါင်းဆောင်များမှာ လာဘ်လာဘ ရရှိကြသည်ဟု လေလံတင်ခဲ့သူများက ပြောဆိုကြသည်။

ယခုရက်ပိုင်းအတွင်းတွင် အကောက်ခွန်ဌာနက သိမ်းဆည်းထားသည့် ကားများ၊ ရေတပ်မှ သိမ်းဆည်းထားသည့် ငါး၊ သစ်နှင့် ကျွဲ နွား မှောင်ခိုလှေများကို လေလံတင်ရောင်းချမည်ဟု သတင်းစာမှ တဆင့် ကြော်ငြာ နေသည်။

၂၀၀၈ ခုနှစ်အကုန် ကမ္ဘာနှင့်ချီပြီး ဂယက်ရိုက်ခတ်ခဲ့သော စီးပွားရေးကျဆင်းမှု နောက်ပိုင်း မြန်မာနိုင်ငံသည်လည်း ပို့ကုန် ပစ္စည်းများ ဈေးကျဆင်းခြင်း၊ ၀ယ်လိုအား ကျဆင်းခြင်း၊ ပြည်ပ အလုပ်အကိုင် ဈေးကွက် ကျဆင်းခြင်း တို့ကြောင့် စီးပွားရေး ထိခိုက်ခဲ့ရသည်။ သို့သော်လည်း ထိုဒဏ်မှ သက်သာစေရန် နအဖ အစိုးရက မည်မည်ရရ လုပ်ဆောင်ခြင်း မရှိဟု စီးပွားရေး လေ့လာသူများက ဆိုသည်။

စီးပွားရေး ကျဆင်းမှု ဒဏ်မှ ခံသာစေရန်၊ စီးပွားရေး ကောင်းမွန်စေရန် အတွက် တခြား နိုင်ငံများကဲ့သို့ စည်းမျဉ်း ကန့်သတ်ချက်များ လျော့ပေါ့ပေးခြင်း၊ စီးပွားရေး လုပ်ငန်းများအား ချေးငွေ ထုတ်ပေးခြင်း၊ လွတ်လပ်သည့် ပြိုင်ဆိုင်မှု ဖွင့်ပေးခြင်းတို့ကို လုပ်ဆောင်မှု မရှိဘဲ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံပိုင် ပစ္စည်းများကို ထုခွဲရောင်းချလျက်ရှိသည်ဟု စီးပွားရေး လေ့လာသူများက ပြောဆိုသည်။

စီးပွားရေး ကျဆင်းမှု ဒဏ်မှ ခံသာစေရန်၊ စီးပွားရေး ကောင်းမွန်စေရန် အတွက် တခြား နိုင်ငံများကဲ့သို့ စည်းမျဉ်း ကန့်သတ်ချက်များ လျော့ပေါ့ပေးခြင်း၊ စီးပွားရေး လုပ်ငန်းများအား ချေးငွေ ထုတ်ပေးခြင်း၊ လွတ်လပ်သည့် ပြိုင်ဆိုင်မှု ဖွင့်ပေးခြင်းတို့ကို လုပ်ဆောင်မှု မရှိဟု စီးပွားရေးသမားများက ထောက်ပြကြသည်။

Comments