Some Prixies blocked by the Regime

ဆော်ဒီ ပရော့စီ နံပါတ် သုံးမရတော့ သဖြင့် ပြည်တွင်း အင်တာနက် သုံးသူများကျော်ရန်ခက်ခဲနေ

တင့်လွင်

အောက်တိုဘာ ၁၅၊ ၂၀၀၉

မြန်မာနိုင်ငံမှ အင်တာနက် သုံးစွဲသူ အများစု အနေဖြင့် တားမြစ်ထားသည့် ၀က်ဆိုက်များကို ကြည့်ရှုနိုင်ရန် သုံးစွဲလျက်ရှိသည့် ဆော်ဒီအာရေဗျ နိုင်ငံ ပရောက်စီနံပါတ်ကို မကြာမီ ရက်ပိုင်းအတွင်း စစ်အစိုးရ၏ ဆာဗာက ပိတ်ဆို့လိုက်သဖြင့် ပြည်တွင်း အင်တာနက် သုံးသူများ အခက်ကြုံနေရသည်ဟု သိရသည်။

IP address(အိုင်ပီ လိပ်စာ) 212.93.193.83 နှင့် port ပို့တ် 443 တို့ကို လွန်ခဲ့သည့် မေလကုန်မှ စတင်သုံးစွဲခဲ့ကြပြီး အင်တာနက် ဆိုင်များ၊ ပုဂ္ဂလိက ကုမ္ပဏီများနှင့် အချို့သော အစိုးရရုံးများမှာပင် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲခဲ့ကြသည်။

ထိုပရောက်စီနံပါတ်ကို အင်တာနက် ကြည့်ရှုသည့် ဆော့ဖ်ဝဲ (ဘရောက်ဇာ) နက်ဝေါ့ခ် ဆက်တင်တွင် ရိုက်ထည့်ထားပြီးလျင် မြန်မာအင်တာနက် သုံးသူများ အနေဖြင့် ကြည့်ရှုလိုသော ပြည်ပ သတင်းဝက်ဆိုက်များနှင့် အဖွဲ့အစည်း ၀က်ဆိုက်များကို လွတ်လပ်စွာကြည့်ရှု နိုင်သဖြင့် ထိုနံပါတ် မှာ မြန်မာအင်တာနက် သုံးသူများ အကြား ရေပန်းစားခဲ့သည်။

ရန်ကုန်မြို့မှ အင်တာနက်သုံးစွဲသူ တဦးကဆော်ဒီ ပရောက်စီသုံးတော့ ဘရောက်ဇာ တခုလုံး ကျော်ပြီးသားဖြစ်သွားတယ်။ ကြိုက်တဲ့ တက် သို့မဟုတ် ၀င်းဒိုးမှာ ကိုယ်ကြည့်ချင်တဲ့ လိပ်စာကို ရိုက်ပြီး ကြည့်လို့ရခဲ့တယ်။ အခုအဲဒီလိပ်စာကိုပိတ်လိုက်တော့ နောက်အခြား တမျိုးရှာကြရဦးမှာပေါ့၊ မကြာခင်ထွက်ပေါ်လာမယ် လို့ထင်ပါတယ်။ အဲလို အသစ်မလာခင်တော့ Ultrasurf အာထရာဆာ့ဖ် လိုဆော့ဖ်ဝဲကို Internet Explorer နဲ့တွဲသုံးရမှာပေါ့၊ နို့မဟုတ်ရင် https://www.polysolve.com, https://www.vtunnel.com . တို့လို လိပ်စာတခုချင်းကို ကျော်တဲ့ဟာနဲ့ သုံးရမှာပေါ့" ဟုပြောသည်။

အင်တာနက် ဆိုင်များအနေဖြင့်လည်း မိမိဆိုင်သို့ ကြည့်ရှုသူများ လာရောက်ရန်အတွက် ပိတ်ဆို့သည်ကိုကျော်သည့် ဆော့ဖ်ဝဲများ၊ ပရောက်စီ လိပ်စာများကို ကူညီရှာဖွေပေးလေ့ရှိသည်။ မြန်မာနိုင်ငံတွင် လူသုံး အများဆုံး အီးမေးလ် ဖြစ်သည့် ဂူဂဲလ်မေးလ် Gmail လိပ်စာကိုမူ http တွင် s တလုံး ပေါင်းထည့်ကာ https ဖြင့်ယခုအချိန်ထိ သုံးစွဲနိုင်သည်ဟုလည်း သိရသည်။ နအဖ စစ်အစိုးရအနေဖြင့် လူသုံးအများဆုံး ဂျီမေးလ်အပါအ၀င် အခမဲ့ အီးမေးလ်များကို ပိတ်ဆို့လိုသော်လည်း နည်းပညာ အဆင့်နိမ့်ခြင်းနှင့် ငွေကြေးသုံးစွဲနိုင်မှု အားနည်းခြင်းတို့ကြောင့် ယခုအချိန်ထိ အခမဲ့အီးမေးလ်များကို ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။

ယခု နှစ်ပိုင်းအတွင်း မြန်မာတယ်လီပို့ (ယခင် ပုဂံနက် ) နှင့် မြန်မာ့ဆက်သွယ်ရေး တို့မှ ထောက်ပံ့ပေးနေသည့် အခပေး အီးမေးလ်များကို သုံးစွဲသူ မရှိသလောက် နည်းပါးလာနေသည်ကို တွေ့မြင်ရသည်။ ထိုသို့သုံးစွဲသူ နည်းပါးလာခြင်းမှာ ၀န်ဆောင်မှု ညံ့ဖျင်းခြင်း၊ အီးမေးလ်များကို ကြားဖြတ် စစ်ဆေးလေ့ရှိသည့် အတွက်နောက်ကျခြင်း လုံခြုံစိတ်ချမှု မရှိခြင်းတို့ကြောင့် ဖြစ်သည်ကို တွေရှိရသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အင်တာနက်ကို ဆင်ဆာဖြတ်တောက်ရာတွင် ထင်ရှားသည့် နိုင်ငံ တဒါဇင်ကျော် စာရင်းထဲတွင် ပါဝင်သည့် နိုင်ငံတနိုင်ငံဖြစ်ပြီး DSL အင်တာနက် လိုင်းတလိုင်း သွယ်ယူရန်အတွက် ကျပ်ငွေ သိန်း ၂၀ ၀န်းကျင်ပေးသွင်းရသည့် အတွက် ကုန်ကျစရိတ်အများဆုံး နိုင်ငံစာရင်း ထဲတွင်လည်း ပါဝင်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် အင်တာနက် သုံးစွဲသူပေါင်း စာရင်းအတိအကျ မကောက်နိုင်သေး သော်လည်း ဆိုင်ဘာ ကဖေး အရေအတွက် ထောင် ကျော်ရှိနေပြီး၊ တဦးချင်းသွယ်ယူ သုံးစွဲသူ၊ ကုမ္ပဏီများမှ သုံးစွဲသူများကိုပါ အခြေခံပြီး တွက်ကြည့်လျင် အင်တာနက် သုံးစွဲသူ သိန်းဂဏန်းနှင့်ချီရှိနိုင်သည်ဟု အိုင်တီနှင့် ဈေးကွက်လေ့လာသူများ ကပြောဆိုသည်။

Comments