ချင်းမိုင်မြို့က မြန်မာသီတင်းကျွတ်
မိုးမခဓာတ်ပုံသတင်း
အောက်တိုဘာ ၄၊ ၂ဝဝ၉
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ (ဇင်းမယ်မြို့) ဝပ်ဆိုင်မွန်း မြန်မာကျောင်း၏ ယနေ့ မြင်ကွင်း။
ချင်းမိုင်ရောက် မြန်မာပြည်သား များက မြန်မာဘုန်းတော်ကြီးများ သီတင်းသုံးရာ ဤဘုန်းကြီးကျောင်းသို့ သီတင်းကျွတ် လပြည့်နေ့ကာလတွင် အလှူအတန်းပြုလုပ်ရန် စုဝေးရောက်ရှိလျက်ရှိသည်။ မြန်မာပြက္ခဒိန်အရ သီတင်းကျွတ်လပြည့်နေ့သည် အောက်တိုဘာ ၃ ရက်နေ့ဖြစ်သည်။ ထိုင်းပြက္ခဒိန်တွင်မူ လပြည့်နေ့က အောက်တိုဘာ ၄ ရက်နေ့ ဖြစ်နေသည်။ အများစုမှာ ဆိုင်များ၊ အိမ်များတွင် လုပ်ကိုင်နေသော အလုပ်သမားများ ဖြစ်သည်။ (ဓာတ်ပုံများ-မိုးမခ)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4rxEtGfU5a_FmgaOndHufo0ng0VW4Dekukpos9afQk0odOe01Trv5VvNCnGcIrOVSGFnsaPRurphKv6KogWLj62nebmYz5P1ilMlfDWFZvAgtr_NazJtbZOdMFN5kEQNE2sa_LiASaVxW/s200/IMG_8895.JPG)
ချင်းမိုင်သို့ ရောက်လာသော မြန်မာပြည်သား တနေ့တခြား များပြားလာသဖြင့် ဘုန်းကြီးကျောင်းသို့ လာရောက်သူ အရေအတွက်လည်း များပြားလာသည်။ ကျောင်းပေါ်တွင် တရားနာမည့် ပရိသတ်အတွက် နေရာအခက်အခဲ ရှိလာသောကြောင့် ထိုအခက်အခဲကို ဖြေရှင်းနိုင်မည့်နည်းလမ်းများကို ဖိတ်ခေါ်လျက် ရှိသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvOPF1noKs6n8SYw93hr0W3E0xOyCbUrOe-zZfyCs7epfz-4TIu9C7hNv04E0kN3uXmw98Jtu043XUBSZTjvli_xrWq_bTLN78DczPgngfQirFxHqoMJppXVhPIQtRd_uRfE-NoBSPEhrA/s200/IMG_8884.JPG)
ကျောင်းအ၀င်ဝတွင် ရောင်းချသော ဆိုင်များတွင် မြန်မာအသုံးအဆောင်များကို တွေ့ရသည်။ ကျောင်းသို့လာသော မြန်မာပြည်သားများကို ကျွေးမွေးလှူဒါန်းသူများကိုလည်း တွေ့ရသသည်။ စမူဆာ တောင်ပုံယာပုံမှာ တရားမနာမီ ကုန်သွားသည်။ နွားနို့၊ လက်ဖက်ရည်၊ ဖျော်ရည်၊ ကြာဆံတို့ကိုလည်း ထိုနေရာတွင်ပင် ၀ိုင်းဝန်း ချက်ပြုတ် လှူဒါန်းကြသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1zChzlW_d8cgipIfrc08_OirlVBNObtTQCeDPzsXaXLEjK-ilLA4jfiJjswD4qdDg2ooz0m8-1OZBj_uigWYy9_K2hCTf32-2kx8mIbRF9aVY03RSdKcwl7hcYiMuUtjCTGuPim-wygtD/s200/IMG_8900.JPG)
မြန်မာပြည်သားများ၏ နာရေးကူညီမှုအသင်းကိုလည်း ဖွဲ့စည်းပြီး အကူအညီပေးလျက်ရှိကြောင်း တွေ့ရသည်။
ဤပုံမှာ ရှမ်းဘုန်းတော်ကြီးများ သီတင်းသုံးရာ ဝပ်ပါပေါက် ဘုန်းကြီးကျောင်း ဝင်ပေါက် ဖြစ်သည်။ မိတ်ဆွေများ တွေ့ဆုံနိုင်ရန် ဖုန်းဆက်ပြီး ချိန်းဆိုသူများကို ဤနေရာတွင် အများအပြား တွေ့နိုင်သည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipp9vBX_4jNU-ZWXBqW5p1JyGOU_UkaYFvhRadzEndVniWZZ3ObMzBo3azc50hIrSMPFzpfebpjVvzDjrAkK2FNtX-qfN-_yWolgnJIradQHzCwmjSiZd8A3WXMlFusbUSosA23ieXqr1P/s200/IMG_8932.JPG)
ဝပ်ပါပေါက်သို့ လာသူ အများစုမှာ ရှမ်းတိုင်းရင်းသား အများစု ဖြစ်သည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyN143fLzpUrEZvk9NxPVXH4OMT6gOjJV53whG1QCISL2PtetMMk8-Yn0UIoYbfsqV9op-Rjg1x2mZFp7WUWR5ykkZtWbOKPNc24FvDFmRso6yaVXyBfoBC_sHc6-0q-rGeh8JDler6WHZ/s200/IMG_8921.JPG)
ဘုန်းကြီးကျောင်းအတွင်း ယနေ့လာရောက်သော ပရိသတ်အတွက် ဖွင့်ထားသည့် အရောင်းဆိုင်များတွင် ရှမ်းသီချင်း စီဒီ၊ ဗွီစီဒီ၊ ရှမ်းစာအုပ်များကို တွေ့ရသည်။
ကျောင်းရှေ့တွင် ယာဉ်ထိန်းရဲများကို တွေ့ရသည်။ ယာဉ်အသွားအလာ ထိန်းသိမ်းသကဲ့သို့ ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းနှင်သည့် မြန်မာပြည်သားများကို ဒဏ်ရိုက်နေကြသည်။ မြန်မာပြည်သား တချို့က ကျောင်းရှေ့ရှိ ကျုံးအနီး အနားယူကြသည်။
ကျောင်းအတွင်းရှိ ဆိုင်တဆိုင်တွင် ရှမ်းခေါက်ဆွဲ၊ တိုဟူးကြော်၊ ခေါက်ဆွဲသုတ်၊ ၀တ်သားချဉ်တို့ကို လက်မလည်အောင် ရောင်းချနေကြောင်း တွေ့ရသည်။

Comments