အတွေး လက်တွေ့
တင်ကိုမင်းညို
အောက်တိုဘာ ၇၊ ၂၀၀၉
စန္ဒယား ခလုပ်တွေပေါ်မှာ
ပန်းကလေးတွေ မဖူးပွင့်နိုင်ဘူး၊
အိုးထဲ ထိုးစိုက်ခံထားရတဲ့ ပန်းတွေဟာ
သူတို့ရဲ့ နာကျင်ကြေကွဲဖွယ်ရာ
တသက်စာဈာပန အခမ်းအနားတွေ ….။
ဘ၀ကို … တိုက်ပွဲဝင်ရတာ
မရှုပ်ထွေးဘူး ရိုးရှင်းတယ်၊
ဘ၀မှာ
ကိုယ့်ကိုယ်ကိုယ် နေရာမှန် ချတတ်ဖို့ကတော့
လွယ်မယောင်နဲ့ ခက်
တိမ်မလိုလိုနဲ့ ထောက်မမီနိုင်အောင်
နက်ရှိုင်းတယ်။
ခေတ်တခေတ်က လက်ပြသွားတော့
ခေတ်တခေတ်က
အစိမ်းလိုက် မင်းမူ ခေါင်းထောင်ထလာတယ်
(လူစားပဲ လဲလိုက်တာကိုး) … ။
ဘာမှ မပြောင်းလဲသေးဘူး
အန္တရာယ်တွေက အသစ်ချပ်ချွတ်
မရိုးသားမှုတွေက ထည်လဲဝတ်စုံ
ဖိနှိပ်မှုတွေကလည်း အသွေးအရောင်စုံလို့
ကျနော်တို့ …
လျှို့ဝှက်ခဲ့ရပေမယ့်
အိမ်ကနေ ခေါင်းမော့ထွက်လာနိုင်တဲ့ မျက်နှာများ …။
ကျနော်တို့ ညံ့ခဲ့ကြပါသလား
နည်းပရိယာယ်မှန်း မသိ
သေနင်္ဂဗျူဟာမှန်း မသိ …။
ရန်သူမှန်းမသိ
မိတ်ဆွေမှန်းမသိ … ။
ဘုရားမှန်းမသိ
ဒေ၀ဒတ်မှန်း မသိ။
ချစ်ခဲ့တယ် …
ကိုယ်နဲ့ အံမ၀င် ဂွင်မကျတဲ့ ခေတ်ကြီးထဲ
ခေတ်ကြီးနဲ့ ကဏ္ဍကောစဖြစ်ရင်း
ချစ်ခဲ့တယ်။
ချစ်နေဦးမယ် …
တနေ့မှာ … ပြန်ဖို့ အခွင့်ရှိခဲ့ရင်
တူတူတန်တန် ဇာတိမြေကို ပြန်နိုင်ဖို့
ယုံကြည်ချက် ရွေးလမ်းကို
ချစ်နေဦးမယ်။
ကျနော်တို့ရဲ့ အ၀ါရောင် မနှင်းဆီခင်ဗျား
ချစ်ခြင်းဘက်မှာ အယူခံဝင်လို့ ရချင်ရမယ်
အမုန်းဆိုတဲ့ အကျိုးစီးပွားဘက်မှာ
အစစ်အမှန် ငြိမ်းချမ်းရေးအတွက်
သင့် မျှော်လင့်ချက်တွေ သက်ရှိ ရှင်သန်နိုင်ပါစ …။
(အောက်တိုဘာ ၄၊ ၂၀၀၉)
Comments