"very busy" generals

မိုးမခတောထဲက သတင်းအပိုင်းအစများ

အလုပ်သိပ်များတဲ့ ခေါင်းဆောင်ကြီး) ဗိုလ်ချုပ်မောင်အေး ဆင်ဆာ ဖြတ်ခံရသလား

အဝေးကြည့်မှန်ပြောင်း

အောက်တိုဘာ ၂၃၊ ၂ဝဝ၉
Ko Maung Aye, where is your umbrella?

အလုပ်သိပ်များတဲ့ ခေါင်းဆောင်ကြီး)
ဒီတပတ်အတွင်း ထွက်လာတဲ့ သတင်းစာတွေမှာ ဗိုလ်ချုပ်သန်းရွှေ အလုပ်သိပ်များနေပုံတွေကို တွေ့နေရတယ်။ တရုတ်ပြည်၊ ထိုင်းပြည်တို့မှာလုပ်တဲ့ အစည်းအဝေး သွားတက်ကြသူတွေကို လေယာဉ်ကွင်းအထိ လိုက်ပို့တယ်၊ ကြိုတယ် ဆိုတဲ့ အလုပ်တွေပါ။

နိုင်ငံ့ခေါင်းဆောင် နံပါတ်တစ် နေရာကို ၁၇ နှစ်ကြာ ယူထားတဲ့သူတယောက် အခုလို ကြိုပို့အလုပ်တွေနဲ့ မအားမလပ် ဖြစ်နေရှာတယ်။ မြန်မာပြည်သားတွေဟာ ထိုက်ထိုက်တန်တန် ခေါင်းဆောင်ကောင်း တယောက်ကို ရထားကြတယ် ဆိုပါတော့ဗျာ။ တချို့က ဗိုလ်ချုပ်သန်းရွှေကို စွပ်စွပ်စွဲစွဲ ပြောကြတယ်၊ တရုတ်သိုင်းကားကြည့်တာနဲ့ အချိန်ကုန်တယ် ဘာ ညာ နဲ့။ သို့ကလို အဆိုးမြင်သူများကို ဒီသတင်းစာတွေ ပေးဖတ်သင့်ပေတာပေါ့။

အသက် ၈၀ ပြည့်ခါနီးပေမယ့် ပြည်သူတွေအတွက် နောက်ဆံတွေတင်းပြီး ပင်စင်မယူ၊ အငြိမ်းစား မယူ၊ အနားမယူ၊ အားလပ်ရက်မယူ၊ ခွင့်မယူ၊ အခွင့်အရေးတွေ မယူနိုင်ဘဲ တာဝန်တွေ ထမ်းနေတဲ့ စစ်ဗိုလ်ချုပ်ကြီးကို ဂုဏ်ပြုချီးကျူးသင့်တယ်လို့ မထင်ကြဘူးလား။

မိုးမခအယ်ဒီတာမင်းများကို အကြံပြု တောင်းဆိုပါရစေ။ နှစ်စဉ်ပေးမယ့် ဂုဏ်ထူးဆောင်ဆုတခုကို စီစဉ် ဖန်တီးပါ။ ဒီနှစ် ၂ဝဝ၉ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဆု ဗိုလ်ချုပ်သန်းရွှေကို ပေးပါ။ ဟုတ်ကဲ့ - ဒီနှစ် ပေးမှ ဖြစ်မှာပေါ့ အယ်ဒီတာမင်းများခင်ဗျာ၊ ဂုဏ်ထူးဆောင်ဆုတခုကို လူတယောက် သေဆုံးပြီးမှ ပေးတယ်ဆိုရင် ဘယ်ကောင်းပါ့မလဲ။

ဗိုလ်ချုပ်မောင်အေး ဆင်ဆာ ဖြတ်ခံရသလား
ကြိုပို့အလုပ်တွေနဲ့ မအားမလပ် ဖြစ်နေတဲ့ နောက်တယောက်ကတော့ ဗိုလ်ချုပ်မောင်အေး ဖြစ်ပါတယ်။ ဒါကြောင့် ဂုဏ်ထူးဆောင်ဆု သူလည်း ပူးတွဲ ရသင့်ပါကြောင်း အဆိုတင်သွင်းပါရစေ။

ဟိုနေ့က သတင်းစာတွေမှာ ဗိုလ်ချုပ်ကြီးတွေ လေယာဉ်ကွင်းထဲ လမ်းလျှောက်နေပုံကို မျက်နှာဖုံး တင်ထားကြတယ်။

လိုက်ပို့ခံရသူတယောက်က ဗိုလ်ချုပ် သီဟသူရတင်အောင်မြင့်ဦး ဖြစ်ပါတယ်။ သူ့ နာမည်မှာ စာလုံး ၈ လုံး ရှိတဲ့အတွက် ရှစ်လုံးလို့ ချစ်စနိုး ခေါ်ကြတယ်။ ဒီနာမည်ကို သူသိချင်မှ သိမယ်။ သိရင်လည်း ချစ်စနိုး အခေါ်ခံရတဲ့အတွက် ပီတိဖြစ်နေမယ်လို့ ယူဆရတယ်။

ရှစ်လုံးပါတဲ့ ဓာတ်ပုံကို ဒီရက်ပိုင်းအတွင်း အီးမေးလ်နဲ့ လက်ဆင့် ကမ်းကြတာ တွေ့ရပါတယ်။ ဗိုလ်ချုပ်မောင်အေးအတွက် မိုးထားပေးတဲ့ထီးကို တစုံတယောက်ရဲ့ အမိန့်နဲ့ ဆင်ဆာ ဖြတ်လိုက်တယ်လို့ ပို့လာတဲ့ အီးမေးလ်မှာ ရေးထားလေရဲ့။

ဒီအီးမေးလ်ကို လက်သံပြောင်တဲ့ မြန်မာထောက်လှမ်းရေးတွေ မရပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်။ တော်ကြာ သတင်းစာတိုက်က ကွန်ပျူတာသမားတွေ စစ်ကြောရေးမှာ ဘာဖြစ်သွားတယ် ညာဖြစ်သွားတယ် ဆိုတဲ့ သတင်းတွေ ကြားနေရဦးမယ်။


Comments