The Voice condemns the shoe attack



စစ်ခေါင်းဆောင်များကို ဖိနပ်ဖြင့်ပေါက်မှု The Voice ဂျာနယ် အပြစ်တင်
မိုးမခအထောက်တော် အမှတ် ဝဝ၃
အောက်တိုဘာ ၁ဝ၊ ၂ဝဝ၉ The Voice ဂျာနယ် ထုတ်ဝေသူ ဦးနေ၀င်းမောင်

နယူးယောက်မြို့ရောက် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းတို့ကို “ဒီမိုကရေစီရေး လိုလားသူ ဆိုသူများ”က ဖိနပ်ဖြင့်ပေါက်သောကြောင့် ရှက်မိပါသည်ဟု အောက်တိုဘာ ၁၂ ရက်နေ့စွဲဖြင့် ထုတ်ဝေသော The Voice ဂျာနယ် ခေါင်းကြီးပိုင်းတွင် ရေးထားသည်။

အီရတ်တဦးက သမ္မတဟောင်း ဘုရှ်ကို ဖိနပ်ဖြင့် ပေါက်ခဲ့သည့် နည်းလမ်းကို ပုံတူကူးခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

“မြန်မာတို့သည် အီရတ်တို့ကဲ့သို့ပင် လူကြီးလူကောင်း မဆန်သော၊ မယဉ်ကျေးသော၊ Civilize မဖြစ်သော လူမျိုးအဖြစ် သက်သေထူခဲ့ခြင်းဖြစ်ရာ မြန်မာတစ်ဦးအနေဖြင့် များစွာ အရှက်ရမိပါသည်” ဟု ရေးထားသည်။

စက်တင်ဘာလကုန်ပိုင်းက နယူးယောက်မြို့ရောက် မြန်မာစစ်ခေါင်းဆောင်၂ဦးကို ဆန္ဒပြ မြန်မာပြည်သားတချို့က ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်ထုတ် အစိုးရသတင်းစာများ၊ ပုဂ္ဂလိက ဂျာနယ်များတွင် ဖိနပ်ဖြင့် တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ဖော်ပြခြင်းမရှိသေးပေ။

အသိမဲ့ ထောက်ခံအားပေးမိသော မြန်မာများ ရှိမည်ကို များစွာ ရိပ်မိသောကြောင့် ထိုသို့ရေးသားခြင်း ဖြစ်သည်ဟု ဆိုသည်။

The Voice က ပထမဦးဆုံး ထုတ်ဖော် ရေးသားပြီး ကန့်ကွက်ခြင်း ဖြစ်သည်။

“စနစ် နှင့် စနစ်အတွင်း ကျရာကဏ္ဍမှ ၀င်ရောက် သရုပ်ဆောင် ကပြနေသူများကို ခွဲခြားနိုင်ရေးသည် များစွာ အရေးကြီးပါကြောင်း” ကိုလည်း ထောက်ပြထားသည်။

The Voice ဂျာနယ်သည် အပတ်စဉ်ထုတ် သတင်းဂျာနယ်တစောင် ဖြစ်သည်။ The Voice ထုတ်ဝေသူမှာ ဦးနေ၀င်းမောင် ဖြစ်သည်။ သူသည် နာမည်ကျော် Living Color မဂ္ဂဇင်းကို ထုတ်ဝေသည့် Myanmar Partners Think Tank Group ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သည်။

ဂျာနယ်၏ အာဘော်များကို သူ့စိတ်ကြိုက် ရေးသားရခြင်းဖြစ်မည်ဟု ရန်ကုန် စာနယ်ဇင်းလောကတွင် ယူဆနေကြသည်။

အောက်တိုဘာ ၁၂ ရက်နေ့စွဲဖြင့် ထုတ်ဝေသော The Voice တွင် မြန်မာ့နိုင်ငံရေးတွင် ရလဒ်ကောင်းများသို့ ဦးတည်ဟန်တူနေကြောင်း၊ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘက်ကြောင့် ဖြစ်ကြောင်း ရေးထားသည်။

The Voice ကို ပြည်ပမှ ဖတ်ရှုလိုသူများ အင်တာနက် စာမျက်နှာ http://www.forevergroup.com.mm/ တွင် အခကြေးငွေ ပေးပြီး ဖတ်နိုင်သည်။

The Voice ဂျာနယ် ဖတ်ရှုနေသူတဦး (ဓာတ်ပုံ - myanmaregress.org)

Comments