ဒေါင်းနီ
နိုဝင်ဘာ ၁၉၊ ၂၀၀၉
သမိုင်း ...ထပ်တူ ပြုစရာ ဘာဆိုဘာမှမရှိ
အကြိမ်ကြိမ်သာ တသဂုဏ်ပြုရ
ဘဝက တခါသာ ကခွင့်ပေးပေမယ့်
မျက်ရည်မခန်း လွမ်းခဲ့နှစ်တာရှည်ခဲ့။
ပြကွက် …
အတ္တပြည့်လျှံ မိစ္ဆာလမ်းမရိုင်းတွေ
ပြည်တော်သာအလင်း မှိန်ဖျော့မှုန်ဝါး
ဓားသွားထက်ပျားရည် ခိုးလုလျှက်လျှာများ
စည်းတား ယုံကြည်ချက် ဖိသွေးလက်များရှိနေ။
နမိတ် …
ကျေးလက်ရင်ဘတ်က ရုန်းကန်နိုးထ
ဖြတ်ကနဲ ကြွေခတဲ့ နောင်ရိုးရဲဘော်တွေ
သံလွင် ဒေါနရင်ငွေ့နဲ့ ရှင်ပြန်တောက်ခေါက်
ကျည်သစ်ပေါက်သံ ကမ်းဆင့်ဆက်ဝေ။
မှတ်တမ်း …
ရဲဘော်တို့ရဲ့ ကျေးဇူးတော်နေ့ 
တမြေ့မြေ့ ကြေကွဲစွာလာခဲ့
နိုင်ငံတော် ဂုဏ်သိက္ခာ စည်းကမ်း
စို့နင့်ကြိတ်ရှိုက် ပုံရိပ်တွေတွဲအိပြိုလာ
သစ္စာဆို အလေးပြု အမျှဝေရင်းကြွေ။
မှတ်ချက် …
သောကဒဏ်ရာစုံနဲ့ လက်ကျန် အာခံငှက်များ
မျိုးဆက်တောင်ပံ မိုးလုံးသိမ့်သိမ့်ခတ်
မပြီးပြတ်ကြွေးဟောင်း တိုးရင်းပေါင်းတောင်း
နှောင်ကြိုးမဲ့ စွန့်လွတ်ခြင်းတွေ လင်းလက်နေ။ ။
နိုဝင်ဘာ ၁၅၊ ၂၀၀၉
မ က ဒ တ တပ်ရင်း ၂၁ဝ-၂၁၄ (စောထစခန်း) မှ စွန့်လွှတ်အနစ်နာခံ ကျဆုံးသွားသော သူရဲကောင်းရဲဘော်များနှင့် ဒီမိုကရေစီတော်လှန်ရေးတွင် ကြွေလွင့်သွားကြသော အာဇာနည်ရဲဘော်အပေါင်းတို့အား ရည်စူးပါ၏၊
သရုပ်ဖော်-ကာတွန်းစောငို
Comments