ဂျပန်ခေတ်မှာ သုံးနှစ်တာ - ခင်မျိုးချစ်
ဒီးဒုတ်ဦးဘချို၏ အမှာစာ
အတွေးအမြင် အောက်တိုဘာ ၂၀၀၉
နိုဝင်ဘာ ၅၊ ၂၀၀၉
ဂျပန်- အရှေ့တိုင်းသား လူမျိုးစု။ အနောက်တိုင်းသားများသာမက ၎င်းတို့ အရှေ့တိုင်းသားအချင်းချင်းပင်လျှင် ဥာဏ်မမီနိုင်လောက်အောင် ကွဲပြားဆန်းပြားသည့် အဓိပ္ပါယ်များကို ပိုင်ဆိုင်သူများ ဖြစ်သည်။ မိုးကောင်းကင်က ထာဝရဘုရားသခင်ရှိသည်ဟု ယုံကြည်နေလျက်နှင့် ဘုရားသခင်ကို ဆန့်ကျင်သည့်အမြင်များရှိသူ၊ ဗုဒ္ဓဘာသာပါဟု ကြွေးကြော်နေကာ ဘုရားမဲ့ဝါဒကိုလည်း စွဲကိုင်လျက်ရှိသူ၊ အရှေ့တိုင်း မြေရှင်ပဒေသရာဇ်ခေတ် အယူအဆများကို ဆုတ်ကိုင်ထားလျက်နှင့် ခေတ်မှီသည့် အနောက်တိုင်းယဉ်ကျေးမူတွေကိုလည်း ကူးပြောင်းဖို့ ကြိုးစားနေသူ၊ ရုပ်ရှင်တွေထဲ ချစ်ခန်း၊ ကြိုက်ခန်းများကို တားမြစ်ပိတ်ပင်ထားပြီး နေ့စဉ်ဘ၀ထဲတွင် ခုနှစ်လွှာအကကို အားပေး ခွင့်ပြုထားသူများ၊ သူရဲကောင်းဆန်သည်ဟု ကြွေးကြော်ကာ ကိုယ့်ကိုယ်ကို သတ်သေခြင်းကို အရှက်နှင့်အသက် လဲသည့်ပမာ သူရဲကောင်းတို့အလုပ်အဖြစ် သတ်မှတ်တတ်သူများ၊ ပါးရိုက်ခြင်း ဓလေ့ကို အားပေးလုပ်ဆောင်တတ်သူများ၊ အနောက်တိုင်းယဉ်ကျေးမှုများ ရောထားသော အရှေ့တိုင်းသားများ အဖြစ်သာမက အတိတ်ကို ဖက်တွယ်ထားသော ပစ္စုပ္ပန်တွင် နေထိုင်ကာ အရှက်တရားနှင့် ရူးမိုက်မှုကို ရောစပ်မွှေထားသည့် လူမျိုးစုတစု ဖြစ်လေသည်။
ထို့ကြောင့်အရာရာသည်မုန်းခြင်း ချစ်ခြင်း၊ သိမ်မွေ့သော ကြမ်းတမ်းမှု၊ ကြင်နာသော ရက်စက်ခြင်း ဟူသကဲ့သို့ ဆန့်ကျင်ဘက်များ ဒွန်တွဲလျက် ရှိနေသည်။ စာရေးဆရာ (Kipling)ကစ်ပလင်၏အဆိုဖြစ်သော “အနောက်က အနောက်၊ အရှေ့က အရှေ့။ သူတို့နှစ်ခု ဘယ်တော့မှ မဆုံတွေ့” ဟူသော အမြဲမှန်သည့် အဆိုတခုကိုပင် ဖောက်ခွဲ ဖျက်ဆီးပစ်လိုက်လေတော့ပြီ။
၎င်းတို့၏ ရှေးလူရိုင်း၊ လူ့အရိုင်းအစိုင်းများ၏ စိတ်နေသဘောထားသဘာဝကို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှုနှင့် မောက်မာမှုတို့ဖြင့် ရောစပ် မွှေပစ်လိုက်ကာ မြန်မာပြည်ကို အင်ပါယာမေဂျီ(Emperor Meiji) ၏ တာဝန်ပေးချက်အရ “အလင်းရောင်ခြည်များ ပေးသနားအံ့” ဟု ကြွေးကြော်လျက် ရောက်ရှိ လာကြလေပြီ။
မြန်မာပြည်ကား အယ်လ်ဖာ ရောင်ခြည်၊ ဘီတာ ရောင်ခြည်၊ ဂါမာ ရောင်ခြည်တို့အပြင် ထိုဆေးရောင်စဉ်များ ရောစပ်ကာ ဖြစ်ပေါ်လာသော ရောင်ခြည်များ၏ အလွှမ်းမိုးခံ ဖြစ်ခဲ့ရလေသည်။ ထိုအလင်းရောင်ခြည်တန်းများ၏ အကျိုးဆက်များအဖြစ် -အဓမ္မပြုကျင့်ခြင်း၊ မခံသာအောင် ပြောခြင်း၊ ကဲ့ရဲ့ပြောဆိုခြင်း၊ စိတ်ဆိုး ဒေါသထွက်စေခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ စိတ်ပူပင်ရစေခြင်း၊ ပြင်းထန်သော ဝေဒနာခံစားရခြင်း၊ စိတ်နှလုံး ကြေကွဲခြင်း၊ စိတ်ဓါတ် ကျဆင်းရခြင်းနှင့် အသက်သေဆုံးခြင်းတို့ ဖြစ်ပေါ်လာရလေတော့သည်။
ကင်ဆာအကျိတ်ကို စားသုံး ဖျက်ဆီးပစ်လိုက်နိုင်သည် ဟူသော ရေဒီယမ်ဓါတ်သတ္တု အပ်ဖျားမှ ဖြစ်ပေါ်လာသော ဓါတ်ရောင်ခြည်ကဲ့သို့ ဂျပန်တို့ ပို့လွှတ်လိုက်သော အလင်းရောင်ခြည်တန်းများသည် မြန်မာပြည်သူပြည်သားတို့ကို ကိုယ် အားဖြင့်၎င်း၊ စိတ်အားဖြင့်၎င်း၊ ကိုယ်ကျင့်တရားအားဖြင့်၎င်း၊ စီးပွားရေးအားဖြင့်၎င်း၊ ယဉ်ကျေးမူအားဖြင့်၎င်း အစိတ်စိတ်အမွှာမွှာ ချေမွ ဖျက်ဆီး ပစ်လိုက်တော့သည်။
ဤစာအုပ်ကို ရေးသားသူ စာရေးဆရာသည် သာမန်ဗမာအမျိုးသမီးငယ်တဦး၏ အမြင်ထက်မပိုသော၊ ၃ နှစ် တာ ဂျပန်လက်အောက်အတွင်း သူမ၏ ကိုယ်တွေ့ဖြစ်ရပ်များကို ရေးသားခဲ့ရုံသာ ရှိပါသည်။ မှန်ကန်သော အကြောင်းအရာ၊ ရှုပ်ထွေးမှု မပါသည့် ပြည့်စုံသော ရေးသားချက်များ ဖြစ်ပါ၏။ ဤစာအုပ်သည် သာမန်မြန်မာလူမျိုး တဦး၏ ခံစားချက်များကို ရောင်ပြန်ဟပ်ပါသည်။ တဖက်တွင်လည်း သမိုင်းသုတေသီများအတွက် ဂျပန်ခေတ် သုံး နှစ်တာအတွင်း မြန်မာနိုင်ငံ၏ သမိုင်းဖြစ်စဉ်များနှင့် ပတ်သက်၍ မှတ်တမ်း မှတ်ရာ သဲလွန်စများကို ရရှိနိုင်ပါသည်။
၃ နှစ်တာ ဂျပန်ခေတ်အတွင်းက အဖြစ်အပျက်တွေကို လှစ်ဟပြထားသည့် ရေးသားချက်များတွင် ဗမာတပြည်လုံး စစ်အကျဉ်းစခန်းကြီး အဖြစ်သို့ ရောက်ရှိခဲ့ရပုံ၊ ရိုင်းစိုင်း ဆိုးရွား နာဇီစခန်းများ၏ ရှက်ဖွယ် မှတ်တိုင်များအဖြစ်ကို အလွယ်တကူ သိမြင် လာရပေလိမ့်မည်။ ထို အကျဉ်းစခန်းကြီးသည် နာမည်ဆိုးဖြင့် ကျော်ကြားသော “ရှက်စရာ မော်ကွန်းကျောက်တိုင်များ” ဟု အမည်တွင်သည့် နာဇီအကျဉ်းစခန်းများထက်ပင် သာလွန်သော မှတ်တိုင်တခု ဖြစ်ကြောင်းကို ဤစာအုပ်လေးတွင် တွေ့ရှိရမည် ဖြစ်ပါသည်။
ဦးဘချို (ဒီးဒုတ်)
ရန်ကုန် သြဂုတ် လ ၁၀၊ ၁၉၄၅
( မှတ်ချက် - ဒေါ်ခင်မျိုးချစ်သည် ၁၉၄၅ ခုနှစ်က Three Years under the Japs (ဂျပန်ခေတ်မှာသုံးနှစ်တာ) အမည်ရှိ စာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့သည်။ စာအုပ်၏ အတွင်းဖုံးတွင် “ဆရာ ဦးပန်းချီငို - ကျမအား သတင်းစာလောကနှင့် ပထမဆုံး မိတ်ဆက်ပေးခဲ့သူ သို့” ဟူ၍ ရေးသား ဖေါ်ပြထား ပါသည်။ ဂျပန်ခေတ်မှာ သုံးနှစ်တာ အပိုင်းသုံးပိုင်း နှင့် ယခု ဒီးဒုတ်ဦးဘချို၏ အမှာစာကို ဂျူနီယာဝင်းက မြန်မာဘာသာပြန်ခဲ့ပြီး အတွေးအမြင် မဂ္ဂဇင်းတွင်ဖော်ပြခဲ့သည်။ )
Comments