နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဦးဝင်းအောင် အင်းစိန်ထောင်တွင် ကွယ်လွန်
မိုးမခအထောက်တော် ၀၀၄
အင်းစိန်ထောင်ရောက် စစ်အစိုးရ နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဦးဝင်းအောင် ယနေ့ကွယ်လွန်သွားကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ် ရှိပြီ ဖြစ်သည်။
တပ်မတော် အရာရှိဟောင်းတဦးဖြစ်သူ ဦးဝင်းအောင်သည် ဥရောပတိုက်တွင် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်က စစ်အစိုးရ၏ လုပ်ရပ်များကို နိုင်ငံတကာက အကောင်းမြင်စေရန် ကြိုးစားခဲ့သည်။
စစ်အစိုးရ ၀န်ကြီးများက စာနယ်ဇင်းသမားများကို ရှောင်ရှားလေ့ရှိသော်လည်း ဦးဝင်းအောင်သည် ၎င်းတို့နှင့် ဆန့်ကျင်ဘက် ဖြစ်ခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူစဉ် သတင်းဌာနများ၏ ဆက်သွယ် မေးမြန်းချက် အများအပြားကို ဖြေကြားခဲ့သူ ဖြစ်သည်။
စည်သူငြိမ်းအေး ကလောင်အမည်ဖြင့် ဦးဝင်းအောင် ရေးသားသော ၀ါဒဖြန့် ဆောင်းပါး အများအပြားကို စစ်အစိုးရ သတင်းစာတွင် တွေ့ခဲ့ရသည်။
၂၀၀၄ ခုနှစ်တွင် စစ်အစိုးရက ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် အရာရှိ အများအပြားကို ဖမ်းဆီးလိုက်စဉ် ဦးဝင်းအောင်လည်း ထိန်းသိမ်းခံရသူ တဦး ဖြစ်ခဲ့သည်။
ထိုအချိန်မှစ၍ သူ၏ သတင်းများ လုံးဝ ပျောက်ကွယ်သွားသည်မှာ ယနေ့ ကွယ်လွန်သည့်အချိန်အထိ ဖြစ်သည်။
Comments