Gaw She - Towards Fellow Siblings

သွေးချင်းတွေဆီ
ဂေါ်ရှယ်
နိုဝင်ဘာ ၂၆၊ ၂၀၀၉
          မဟာအပြုံးပိုင်ရှင်လို့ တင်စားချင်လောက်အောင် နှစ်လိုဖွယ်အပြုံးနဲ့ အတူ သူငယ်ချင်းကို အမြဲတမ်း တွေ့ရတယ်။ သူ့ဘဝကို သူ အမြဲ ကျေနပ်ပျော်ရွင်နေပုံပဲ။ တခြားသူတွေကို ရယ်မောစရာတွေ ပြောမယ်။ လက်တွေ့ ကူညီတယ်။ သူ့ဆီကနေ ဘယ်တော့ကမှ ငြီးတွားသံကို မကြားခဲ့ရဘူး။  တော်တော်များများကလည်း သူ့ကို ခင်မင်ကြတယ်။
          တနေ့ လမ်းမှာ သူငယ်ချင်းဆုံရင်း ရယ်ရယ်မောမောနဲ့ နှုတ်ဆက်ပြီး၊ သူက
          " ဒီနေ့ ငါ သွေးသွားလှူတယ်လေ။ သွေးစစ်တော့ HIV positive တဲ့။  ငါ သွေးလှူလို့ မရဘူး။"
          သူ့ကို ကြည့်ရတာ ဘာမှမဖြစ်သလိုပဲ။ စိုးရိမ်ထိတ်လန့်ဟန် လည်းမရှိဘူး ဆိုတော့ ထင်လည်း မထင်ခဲ့မိဘူး။
          တနေ့ အိမ်လာလည်ရင်းနဲ့ သူ့ဘဝအကြောင်း ကိုပြောပြခဲ့တယ်။
          " ငါဟာ ငါ့ရဲ့မွေးစာအမေနဲ့အတူ  ×× ×× ×× ရွာလေးတရွာမှာ နေထိုင်တယ်။ အဲ့ဒီရွာမှာ များသောအားဖြင့် လုပ်တတ်ကိုင်တတ်တဲ့အရွယ် ရောက်လာရင် ထိုင်းနိုင်ငံဖက် ကူးပြီး အလုပ်သွားလုပ်ကြရတယ်။ အဆင်ပြေတဲ့သူ ရှိသလို မပြေတဲ့သူတွေလည်း ရှိတယ် ...”
          "ငါလည်း အသက်၁၅နှစ်ရှိပြီး ဆိုတော့ သူများတွေလိုပဲ အလုပ်သွားလုပ်သင့်ပြီ ဆိုပြီး အမေပေးတဲ့ ခရီးစာရိတ်လေးနဲ့အတူ ထိုင်းနိုင်ငံဖက် ကူးချင်တဲ့သူတွေကို ပို့ပေးတဲ့ မိန်းမကြီးတယောက်နဲ့ လိုက်သွားခဲ့ပါတယ်။ မဲဆောက်ရောက်တော့ အိမ်တအိမ်မှာ ထားခဲ့ပြီး အဲ့ဒီမိန်းမကြီးက "ငါ အိမ်သာ ခဏသွားမယ်" ဆိုပြီး ပျောက်သွားခဲ့တာ ဒီနေ့အထိ မတွေ့တော့ပါဘူး တဲ။့ ၂ ရက် လောက်ကြာတော့ လူတယောက်က လာခေါ်တယ်။ ( နင် ဘန်ကောက် သွားရမယ်။ အလုပ် သွားလုပ်ရမယ်။ ပုလိပ်နဲ့ လိုက်သွားရမယ်တဲ့ ...)”
          "ပျော်လိုက်တဲ့ ဖြစ်ချင်း။ အလုပ် သွားလုပ်ရတော့မယ်။ ပိုက်ဆံ ရတော့မယ်။ ပိုက်ဆံရရင် အမေ့ကို ပို့ပေးမယ် … ဆိုတဲ့ အတွေးတွေပေါင်း များစွာနဲ့ လာခေါ်တဲ့သူနဲ့ အတူ လိုက်သွားတယ်။ ရောက်သွားတာက ခြံဝင်းအကျယ်ကြီးနဲ့ ခတ်ထားတဲ့ အိမ်ကြီးကြီးတလုံးဆီ ရောက်ခဲ့တယ်။  လူတွေ အများကြီး။"
           "၂ လ ၃ လ လောက် မီးဖိုချောင်ထဲမှာ တောက်တိုမယ်ရ လုပ်ပေးရပြီး၊ ၃ လ နောက်ပိုင်းကျတော့ ငါ့ကို လာခေါ်သွားတယ် တန်ဘိုးကြီးတဲ့ အလှပြင်ပစ္စည်းတွေနဲ့ အလှပြင်ပေးတယ်။ အကောင်းစား အဝတ်အစားတွေ ပေးဝတ်ပြီး အလုပ်ထဲကို ခေါ်သွားခဲ့တယ်။"
          "ခေါ်သွားတဲ့နေရာက မီးရောင်မှိန်မှိန် မြူးကြွကြွတီးလုံးတွေနဲ့ Night Club တခုဆီကိုပေါ့။ စင်ပေါ်မှာ တိုင် တယောက်တလုံးစီ ကိုင်ပြီး ကနေကြတယ်။ အတွင်းခံဘောင်းဘီ တထည်တည်း ဝတ်ထားကြတယ်။ ငါ့ကိုကျတော့ မှန်အိမ်တခုထဲ ထည့်ထားတယ်။  သဘောက ငါဟာ"အသစ်ကလေး"ပေါ။့"
          "အဲ့ဒီနေ့ကစပြီး ငါဟာ ယောကျာ်းပြည့်တန်ဆာဘဝ ရောက်သွားတော့တာပဲ။ ငါလေ ထွက်ပြေးဖို့ အကြိမ်ကြိမ် ကြိုးစား စဉ်းစား ခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ ဆန္ဒမရှိရင် ဖျော်ရည်တိုက်တယ်။ ဖျော်ရည်ထဲမှာ ဆေးထည့်ထားတယ် ဆိုတာ မသိဘဲ ကလေးဆိုတော့လည်း သောက်တာပေါ့။”
          " စိတ်မပါလို့ Customer ကို ကောင်းကောင်းမဆက်ဆံပြန်ရင်လည်း လုပ်ဖော်ကိုင်ဖက်အားလုံးတွေရဲ့ အလယ်မှာ ကြာပွတ်နဲ့ အရိုက်ခံရတယ်လေ။ ငါတို့ဘဝတူတွေဟာ နားနေခန်း ရောက်တိုင်း ကိုယ့်ရဲ့ခံစားချက်လေးတွေကို ဝေမျှရင်း မျက်ရည်ကျခဲ့ကြရတယ်။"
          " "ဆန္ဒ ရှိရှိ မရှိရှိ အကောင်းဆုံးလုပ်ပေးရမယ်" ဆိုတဲ့ တချက်လွတ် အမိန့်အောက်မှာ ကိုယ်တိုင် ပိုက်ဆံတစ်ပြားမှ မရဘဲ ၄နှစ် ပေးဆပ်ခဲ့ရတယ်။ ဘယ်သူက ဘယ်သူ့ကို ရောင်းသွားလဲ ဆိုတာ သိကို မသိခဲ့တာပါ"
          သူငယ်ချင်း နောက်ဆုံးပြောလိုက်တာက
          "ငါ ဒီဘဝမှာ ပျော်သွားပြီ" ဆိုတာပဲ။
          သူ့ကို ဘယ်လို အပြစ်တင်ရက်မှာလဲ။     
          ၁၅ နှစ်သား အရွယ်နဲ့ အမှောင်ထုထဲ တွန်းချခံလိုက်ရတာလေ။ ယောကျာ်းလေးတန်မဲ့ ပြည့်တန်ဆာဘဝနဲ့ ရောင်းစားခံရသေးတာ၊ မိန်းကလေးတွေအချို့အတွက်တော့ ပြောဖွယ်ရာ မရှိတော့ဘူး။  ပြည်တွင်းနဲ့ နယ်စပ်တစ်လျှောက်မှာ ရောင်းစားခံနေရတဲ့ သွေးချင်း ညီအကို မောင်နှမတွေ အများကြီးပါ။ ဘဝဆိုတာ ကိုယ်တိုင်ဖန်တီးပြီး ဖြစ်လာတာမျိုး ရှိသလို ကိုယ်တိုင်မဖန်တီးဘဲ လက်ခံဖန်တီးရတဲ့ အခြေအနေမျိုးလည်း ရှိတယ်လေ။
         လူသားဖြစ်လျက်နဲ့ သက်မဲ့အရုပ်လို ရှင်သန်နေရတယ်။ အသည်းနှလုံး ရှိလျက်နဲ့ ဘာကို ခံစားရမှန်းမသိ ဖြစ်နေကြရတယ်။ အမိမြန်မာ အဖမြန်မာက မွေးဖွားလာကြတဲ မြန်မာပြည်သူပြည်သားတွေ အားလုံးဟာ တသွေးတည်း ညီအစ်ကို မောင်နှမတွေပါ။ ဒီလို သွေးချင်းတွေအတွက် ဆက်ပြီး လျစ်လျူရှု ထားကြအုံးမှာလား။
          နိုဝင်ဘာ ၁၇၊ ၂၀၀၉

Comments