Khaing Mar Kyaw Zaw - Lives at the Burmese Borders - 5


နယ်စပ်လမ်းက ဝမ်းတထွာ - ၅
ခိုင်မာကျော်ဇော
နိုဝင်ဘာ ၁၉၊ ၂၀၀၉
      လွန်ခဲ့တဲ့(၁ဝ)နှစ်ကျော်က ရွာကြီးတရွာ အရွယ်လောက်သာရှိတဲ့ ထိုင်း-မြန်မာနယ်စပ်က မဲဆောက်မြို့လေးဟာ ယနေ့အခါမှာတော့ ကုန်တိုက်ကြီးတွေ၊ အရောင်းဆိုင်ကြီးတွေ၊ စက်ရုံအလုပ်ရုံတွေ၊ ဟိုတယ်တွေ၊ တည်းခိုခန်းတွေ၊ ကာရာအို ကေဆိုင်တွေ၊ အနှိပ်ခန်းတွေနဲ့ စည်ကားတဲ့ မြို့တမြို့ဖြစ်လာနေပါပြီ။ 
      စီးပွားရေး တိုးတက်လာတာနဲ့အမျှ မဲဆောက်မြို့နဲ့ မဲဆောက်မြို့ပတ်ဝန်းကျင် မြို့၊ ရွာတွေမှာ တိုက်တာ အဆောက်အဦတွေ တနေ့တခြားများပြားလာသလို ဆောက်လုပ်ရေးနဲ့ လမ်းတံတားဖောက်လုပ်ရေး အလုပ်တွေလည်း များပြားလာ ပါတယ်။ ထိုင်း-မြန်မာနယ်စပ်က ဆောက်လုပ်ရေးနဲ့ လမ်းတံတား ဖောက်လုပ်ရေးတွေမှာ အခြေခံကျတဲ့ ပန်းရံအလုပ်နဲ့ တိုက်တာအဆောက်အဦတွေကို ဆေးသုတ်တဲ့အလုပ်ကို လုပ်ကိုင်နေကြသူတွေကတော့  မြန်မာနိုင်ငံသား အလုပ်သမားတွေပါ။ 
      ဒီအလုပ်ကို ထိုင်းကန်ထရိုက်တာတွေရဲ့ ရင်းနှီးမှု၊ ယုံကြည်မှုအရ လပြတ်၊ ပုတ်ပြတ်လုပ်ကိုင် နေကြသူတွေရှိ သလို၊ တနေ့ ဘတ် ၅ဝ၊ ၆ဝနဲ့ အုတ်သယ်၊ ကျောက်သယ်၊ မဆာလာသယ်၊ ဆေးသုတ်တဲ့ အလုပ်တွေကို နေ့စားလုပ်ကိုင် နေကြသူ တွေလည်းရှိပါတယ်။ 
      မဲဆောက်မြို့၊ မယ်ပရပ်ကွက်က အသက်(၁၄)နှစ်အရွယ် မောင်သံချောင်းနဲ့ ဖခင်ဖြစ်သူတို့ဟာ ထိုင်းသူဌေးတဦး ဦးစီး လုပ်ကိုင်နေတဲ့ အိမ်ယာဆောက်လုပ်ရေးအလုပ်အမှာ နေ့စားလုပ်ကိုင် နေကြသူတွေပါ။ အရင်က ဒီအလုပ်ကို သံချောင်းရဲ့ ဖခင်တဦးတည်းသာ လုပ်ကိုင်ပြီး သံချောင်းတို့ မိသားစုဝင်(၇)ဦးကို ရှာဖွေ ကျွေးမွေးခဲ့တာပါ။ အိမ်ခန်းဌားခတွေ ကုန်ဈေး နှုန်းတွေ မြင့်တက်လာတော့ သံချောင်း ကျောင်းကထွက်ပြီး မဆလာသယ်တဲ့ အလုပ်ကို လုပ်ခဲ့ရပါတယ်။  
      ထိုင်းအလုပ်ရှင်က အသက်ငယ်ပြီး မခိုမကပ် ပေါ့ပါးသွက်လက်တဲ့ သံချောင်းကို သဘောကျပေမယ့် အဆိုတော်ဖြစ် ချင်တဲ့ သံချောင်းကတော့ မဆာလာသယ်တဲ့ အလုပ်ကို သဘောမကျလှပါဘူး။
 “ကျနော်က အဆိုတော်ပဲဖြစ်ချင်တာ။ နေပူထဲ မှာ မဆလာပုံးကြီးတွေသယ်ရတာ အရမ်းပင်ပမ်းတာပဲ၊ ကျနော်တို့ဆောက်တဲ့ တိုက်ကြီးတွေသာ ကျနော်တို့ နေရမယ်ဆိုရင် တော့ သိပ်ကောင်းမှာပဲ”
လို့ နေပူခံသနပ်ခါးတွေ အထူကြီးလိမ်းထားတဲ့ သံချောင်းက ပြောပါတယ်။ 
      သံချောင်းရဲ့ ဖခင်ဟာ  မဲဆောက်၊ မြဝတီ၊ မဲပ၊ အုန်းဖန်နယ်၊ မယ်စရင်းနယ်တဝိုက်က အိမ်ယာဆောက်လုပ်ရေးနဲ့ လမ်းဖောက်လုပ်ရေးအလုပ်ကို လုပ်ကိုင်လာခဲ့တာ ၁ဝ နှစ်နီးပါးရှိပါပြီ။ လုပ်သက်ကြာမှု၊ ရိုးသားကျိုးစားမှုကြောင့်  ကန် ထရိုက်တာတချို့ရဲ့ ရင်းနှီးမှု၊ ယုံကြည်မှုကိုလည်း ရှိထားသူပါ။ ထိုင်းစကားလည်း အတန်အသင့် တတ်တာမို့ ကန်ထရိုက်တာ တွေကဆင့် အဆောက်အဦးတွေ၊ အိမ်ယာတွေကို ဆေးသုတ်တဲ့အလုပ်တွေကို ပုတ်ပြတ်လုပ်လေ့ ရှိပါတယ်။  


      “ကန်ထရိုက်တာကောင်းရင်တော့ ပုတ်ပြတ်လုပ်ရတာက နေ့စားလုပ်ရတာထက် ပိုပြီးကိုက်တယ်။ တနေ့ ဘတ်၅ဝ၊ ၆ဝ ပေးရင် ဒီလုပ်ကို လုပ်ချင်ကြချင်တဲ့ မြန်မာအလုပ်သမားတွေ အများကြီးပဲ။ အရေးကြီးတာက ကိုယ့်ကို ပုတ်ပြတ်၊ လပြတ်အပ်တဲ့ ကန်ထရိုက်တာတွေ ကောင်းဖို့၊ ငွေချေတာမှန်ဖို့ပဲ”လို့  ဦးမင်းစိန်က ပြောပါတယ်။ 
      အလုပ်ပြီးမြောက်တဲ့အချိန်မှာ ငွေမချေ၊ အတွေ့မခံပဲ  လိမ်ပြေးလေ့ရှိတဲ့ ကန်ထရိုက်တာတွေကြောင့် ဒုက္ခရောက်ကြ ရတဲ့ ပုတ်ပြတ်၊ လပြတ်အလုပ်သမားတွေရှိသလို အလုပ်သမားခေါင်းဆောင်တွေရဲ့ လုပ်အားခေါင်းပုံဖြတ်မှုနဲ့ အနိုင်ကျင့်ဗိုလ်ကျ မှုတို့ကြောင့် လုပ်အားခမရပဲ၊ ရဲစခန်းရောက်၊ ဆေးရုံရောက်ရတဲ့ မြန်မာအလုပ်သမားတွေလည်း အများကြီးရှိပါတယ်။ 
      “တချို့ ကန်ထရိုက်တာတွေ၊ အလုပ်သမားခေါင်းတွေက အရမ်းညစ်ပတ်တာ။  အလုပ်ခိုင်းတော့ တနေ့ ဘတ် ၅ဝ၊ ၆ဝပဲ ပေးရတဲ့ ကျနော်တို့ မြန်မာတွေကို တအားခိုင်းတယ်။ သူတို့ထိုင်းတွေဆို တနေ့ ဘတ် ၁ဝဝ၊ ၁၃ဝ ပေးပြီး သိပ်မခိုင်းဘူး။  ငွေပေးရမယ့်အချိန်ကြတော့ ကျနော်တို့ မြန်မာအလုပ်သမားတွေကို ညစ်ပတ်ချင်တယ်။ သူတို့ပစ္စည်းတွေ ပျောက်တယ်။ ကျနော်တို့တွေ ခိုးတယ်ဆိုပြီး လူအုပ်နဲ့ဝိုင်းရိုက်တာတို့၊ ရဲကိုဖမ်းခိုင်းတာတို့ လုပ်တယ်”လို့  မြန်မာအလုပ်သမားတွေက ပြော ကြပါတယ်။ 
      ဒီအဖြစ်တွေကို ကြုံဖူးတွေ့ဖူးလို့ လုပ်ငန်းရှင်ရွေး၊ ကန်တရိုက်တာရွေးပြီးလုပ်ကြတဲ့ အလုပ်သမားတွေရှိသလို  မနက် စာမနက်၊ ညစာည ရှာစားနေကြသူတွေကတော့ အလုပ်မရွေး၊ လူမရွေးနေတော့ပဲ နေပူပူထဲမှာ အုတ်သယ်၊ ကျောက်သယ်၊ မဆလာသယ်၊ အိမ်ဆေးသုတ်တဲ့အလုပ်တွေကို သီချင်းတကြော်ကြော်နဲ့ ပျော်ပျော်ကြီး လုပ်ကိုင်နေကြပါတယ်။
အဲ့ဒီ အလုပ်သမားတွေထဲမှာ ကိုချစ်ဆွေတို့ ညီအကို(၃)ဦးလည်း ပါပါတယ်။ ဒီအလုပ်က သူတို့အဖေ အမွေပေးခဲ့တဲ့ အလုပ်ဖြစ်ပြီး သူတို့ လူလားမြောက်အောင်လည်း ဒီအလုပ်နဲ့ပဲ သူတို့အဖေက သူတို့ကို ရှာကျွေးခဲ့တာလို့ ကိုချစ်ဆွေက ပြောပါတယ်။ 
      “အဖေက သူ့အလုပ်ကို သံယောဇဉ်သိပ်ကြီးတာ။ ဒီအလုပ်ကို ပင်ပမ်းတယ်လို့ပြောရင် သဘောမကျဘူး။  ဒီအလုပ် က ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့ အလုပ်တဲ့။ မဲဆောက်မြို့က ဆေးရုံကြီးနဲ့ တိုက်အိမ်တွေကို အဖေတို့ ဆောက်ခဲ့တာကို လည်း ပြောလို့မဆုံးဘူး”လို့ ကိုချစ်ဆွေက ပြောပါတယ်။ 
      ကိုချစ်ဆွေတို့ ညီအကိုတွေကလည်း မြဝတီ၊ မဲဆောက်နဲ့ မဲဆောက်ပတ်ဝန်းကျင်တဝိုက်က ကုန်တိုက်ကြီးတွေ၊ တိုက် တာအဆောက်အဦးတွေကို ဆောက်လုပ်ရာမှာ ပါဝင်ခဲ့ကြသူတွေပါ။ အခုလည်း မဲဆောက်ဝေလရပ်ကွက်က လုံးချင်းအိမ် ယာဆောက်လုပ်ရေးအလုပ်ကို သူတို့ ပုတ်ပြတ် လုပ်ကိုင်နေကြပါတယ်။  ဒီအလုပ်ကို ထိုင်းကန်ထရိုက်တာတဦးဆီက ပုတ် ပြတ်ယူပြီး မြဝတီနဲ့ မဲဆောက်ကို သူတို့ညီအကိုတွေ မနက်သွားညပြန် လုပ်ကိုင်နေကြတာပါ။ 
      “ကျနော်တို့ အခုလုပ်ရတာက အဖေတို့ခေတ်လိုမကောင်းတော့ ကန်ထရိုက်တာကောင်းတွေ၊ မလိမ်မကောက်တဲ့ အလုပ်သမားခေါင်းဆောင်တွေနဲ့ တွေ့ရပါစေလို့ ဆုတောင်းရတာ အမောပါပဲ ”လို့ကိုချစ်ဆွေက ပြောပါတယ်။ 
      ထိုင်း-မြန်မာနယ်စပ်မှာ ဆောက်လုပ်ရေးအလုပ်ကို လုပ်နေကြတဲ့ မြန်မာနိုင်ငံသားများစွာဟာ ကန်ထရိုက်တာ ကောင်းတွေ၊ စိတ်ကောင်းရှိတဲ့ အလုပ်သမားခေါင်းဆောင်တွေနဲ့ တွေ့ဖို့ဆုံဖို့ဆုတောင်းကြတဲ့အပြင် ထိုင်းဘုရင်ကြီး သက် တော်ရာကျော်ရှည်ပါစေ။ ထိုင်းနိုင်ငံသားတွေ ချမ်းသာပါစေ။ တိုက်တာအဆောက်အဦးတွေ များများဆောက်နိုင်ကြပါစေလို့ ညစဉ်ညတိုင်း ဆုတောင်းနေကြပါတယ်။

Comments