Mar Mar Aye - 294

ပြောပြစရာတွေလဲ တပုံကြီး ရှိသေးတယ် - အမှတ် (၂၉၄)
လှိုင်ထိပ်ခေါင်တင်
မာမာအေး
နိုဝင်ဘာ ၁၄၊ ၂၀၀၉

သောတရှင်များ ကျန်းမာတော်မူကြပါစ ရှင်။ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတ ဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ ဒီကနေ့တော့ မွေးရပ်မြေ အညာကျေးလက်က သွက်သွက်ထက်ထက်၊ ဂျက်ဂျက် ဆိုတဲ့ မိန်းခလေး ညီမ ရွှေကျေးက တဆင့် ပူဆာထားတာလေး ဖြည့်ဆည်းပေးမယ်လို့ စိတ်ကူးထားပါတယ်။ သူကလေးက အနောက် နန်းမတော် မမြကလေး အကြောင်းနားထောင်ပြီးတော့ ရှေးဖြစ်ဟောင်း အောင်းမေ့ဘွယ် ဖြစ်ရှာ ထင်ပါရဲ့။ သမီးတော်ဖြစ်တဲ့ သခင်မ လှိုင်ထိပ်ခေါင်တင် အကြောင်းလဲ ပြောပြပေးပါဦး တဲ့၊ စိန်ခြူးကြာညောင် လေးလဲ ဆိုပြပါဦး တဲ့။ ပြောတာပေါ့၊ ဆိုတာပေါ့လေ - - ။

အတော်ပါပဲ ချစ်ဆွေတို့ရဲ့၊ ဗဟုသုတ ဝေမျှဘို့ရာ ဝါသနာနဲ့ စာအုပ်တွေ စုခဲ့၊ သိမ်းခဲ့၊ ဝယ်ခဲ့တဲ့ အထဲမှာ နယူးယောက် စာပေဟောပြောပွဲ သွားတုန်းက ဆုံးဆည်းရာ တူမလေး ချောစုဆီမှာ လှိုင်ထိပ်ခေါင် သခင်ဖျား ရေးတော်မူခဲ့တဲ့ ‘ဣန္ဒဝံသ နန်းတွင်း ဇာတ်တော်ကြီး’ ခေါ်တဲ့ စာအုပ်တွေ့လို့ ယူခဲ့တာလဲ အဆင်သင့်ပဲ။ ပြောဘို့ကြုံတော့ သေချာထပ်ဖတ်၊ မှတ်ရ တိုက်ဆိုင်ကြည့်ရတာပေါ့ရှင်။


မာအေးတို့တွေ ချစ်သနားတဲ့ လှိုင်ထိပ်ထား ထိပ်ခေါင်တင်တပါးဟာ သာယာဝတီမင်းလို့ အများက သိကြတဲ့ ရွှေဘိုမင်းနဲ့ အနောက်နန်းမတော် မမြကလေးတို့ရဲ့ ရင်နှစ်သမီးချစ် ဖြစ်ပါတယ်။ သက္ကရာဇ် (၁၁၉၅) ခုနှစ်မှာ ဖွားတော်မူတာမို့ (၁၇၆)နှစ်က ‘လှိုင်ထိပ်ခေါင်တင်’ အိမ်ရှေ့စံ မိဖုရားလောင်းလျာလေးကို ခမည်းတော် မယ်တော်တို့က ‘မဖွား’ ‘မဖွားကြီး’ လို့ ခေါ်ခဲ့ကြပြီး အားကြီး ချစ်တော်မူရှာခဲ့ကြပါသတဲ့ ရှင်။

ဖခင်ဖြစ်တဲ့ ငယ်မည် ‘သတိုးမင်းထက်’ နောင်တော်ဘုရား ချီးဖြင့်ထားတဲ့ ဘွဲ့တော် ‘သီရိမဟာ သုဓမ္မရာဇာ’ ခေါ်သာယာဝတီ ရွှေဘိုမင်းတရားကြီး အထွက် အမြတ် ရောက်ခဲ့တဲ့ အခါမှာ မယ်တော်အနောက်နန်း မမြကလေးကို ဟင်္သာတ မြို့စား ပေးတော်မူသလို သမီးတော် မဖွားကြီးကို ‘လှိုင်မြို့’ စား ပေးသနားတော်မူတဲ့ အတွက် လှိုင်မင်းသမီး လှိုင်ထိပ်ခေါင်တင်လို့ ခေါ်တွင်လာခဲ့ခြင်းပါရှင်။

လှိုင်မင်းသမီးလေးဟာ မိခင်ရဲ့ဗီဇ မျိုးစေ့ပါတယ်လို့ ပြောရမှာပေါ့ရှင်၊ ငယ်စဉ်ကတည်းက ကဗျာဂီတ လင်္ကာ စ ခဲ့သူပါ။ ‘ဝဇယကာရီ နန်းတွင်းဇာတ်တော်ကြီး’ နဲ့ ‘ဣန္ဒာဝံသ – နန်းတွင်း ဇာတ်တော်ကြီး’ တို့ကိုလဲ အပျိုဘဝမှာပဲ ရေးသားခဲ့ပါတယ်။

လှိုင်ထိပ်တင်ရဲ့ မယ်တော် အနောက်နန်းမတော် မမြကလေးကို ဖခင် ရွှေဘိုမင်းက သားတော် ပြည်မင်း ပုန်ကန်ရာမှာ ကြံရာပါလို့ ထင်မှတ်မှားတာကြောင့် ဖွားအေတော် မယ်အိပါ – ကွပ်မျက်လိုက်တော့ကာ၊ မျက်နှာငယ်လေးနဲ့ ကျန်ခဲ့ရှာတဲ့ သခင်မလေးကို၊ နောင် ပဉ္စမသင်္ဂါယနာတင်မင်းကြီး ဖြစ်လာမယ့် မင်းတုန်းမင်းရဲ့ မိဖုရားက ကောက်ယူ မွေးစား သမီးအရာ ထားခဲ့ပါတယ်။ အမိမဲ့ မင်းသမီးလေး လှိုင်ထိပ်ထား အသက်တော်က (၁၂)နှစ်ပဲ ရှိရှာသေးတာလေ၊ သူ့မွေးမေ အပျောက်မှာ ဘယ်လောက်များ ရှာနေမှာပါဘဲ---။

သက္ကရာဇ် (၁၂၁၄) ခုနှစ်ကျတော့ မွေးစားဖခင် မင်းတုန်းဘုရင်ကြီး နန်းတက်တော်မူတာကိုး ညီတော် ကနောင်မင်းသားကို အိမ်ရှေ့အရာထားတော့ ရင်နှစ်သမီး တမျှ ချစ်လှတဲ့ လှိုင်ထိပ်ခေါင်ကို အိမ်ရှေ့ မိဖုရား စုလျား ပေးတော် မူခဲ့တာ (၁၂၁၅) ခုမှာ ဖြစ်ပါတယ်။ ကနောင်အိမ်ရှေ့စံ မင်းသားဟာ သက္ကရာဇ် (၁၁၈၁) ခုနှစ်ဖွား ဖြစ်တဲ့ အတွက် ‘လှိုင့်’ ထက် (၁၄)နှစ် ကြီးတာပေါ့ရှင်၊ ဒါကြောင့်လဲ လှိုင့် အရင် ကြင်သူတွေရှိနေမယ် လို့ တွေးမိလိုက်ပါတယ်၊ လှိုင်ထိပ်ထားလဲ မယ်တော်မြကလေးလို ကဗျာတေး ဖွဲ့ရရှာတော့တာပေါ့ရှင်။ မယုံရင် နားထောင်ကြည့်ပါနော်၊ ကျော်ကျော်နိုင် ဆိုင်းလက်သံနဲ့ မာအေး ဆိုထားတယ်။

xxxx ကြားခြည်ရံ၊ နာရီပြန် ဗဟိုရ် ညိတ်ပါပေါ့ မှေးမှိတ်လို့ စက်ပါသော်၊ ရေးမျှမပျော် လာနိုးရယ်မျှော်၊ ကြာမော်မြင့် ဆောင်ထီး၊ ရွှေသဘောတော် တဉာဏ်ပွေလို့ ၊ မလာနေ – တာရှည်သေးတာကြောင့်၊ ညာအေမှာ ဗျာပွေဆွေးတယ် (ကိုယ်တော်ရေ) တွေးရခက်ကြီး xxxx [ဘောလယ်] စိန်ခြူးကြာညောင်၊ လရောင်လင်းပါလို့၊ မှန်ရွှေပြူတင်းဆီက မယ်ခုမျှော်၊ သုံးချက်စည်တော်၊ ရိုက်ဆော်ကာ ညှင်းတယ်လေး၊ လင်းပြန်လုနော် xxxx [ မောင်ဘွဲ့သဖြန် တြိချိုး ]

သည် တြိချိုးလေးနဲ့ စိန်ခြူးကြာညောင် အစချီ လှိုင်ထိပ်ခေါင်တင် သခင်မ ရေးတဲ့ ဘောလယ်သီချင်းဟာ နားဆင်သူတိုင်း နှစ်သက်ကြပါတယ်၊ မာအေး အနောက်ဘက် ရောက်တော့ ကိုယ့် မြန်မာ့ ဂီတကို ပြခွင့်ရနိုင်သမျှ ကြိုးစားပြဖို့ ရည်ရွယ်ပြီး ဘော်စတွန်မြို့မှာ မြန်မာ့ဂီတ မိတ်ဆက်ပွဲလုပ်တော့ ဆိုထားတာပါ။ မြန်မာ့ဂီတအရေးဆို – ကျော်ကျော်နိုင်က အမြဲ ကူခဲ့တာမို့ ကျေးဇူးးတင်လိုက်ပါနော်။ နောက်တပတ်မှ ဆက်ကြသေးတာပေါ့။

[ မူရင်း - ဘီဘီစီအသံလွှင့်ဌာန၊ မြန်မာပိုင်း ]

Comments

スタービーチの出合いは他の出合い系サイトのものよりも確実に良い思いができるのは間違いありません。新しい出合いを求めたいと思っているのなら当サイトを利用してください。損はさせませんよ
gree said…
greeで素敵な時間を過ごしたい・・・そんな願望を叶えてくれるサイト誕生!!今までにないドキドキ感と興奮をこのグリーで楽しみましょう
スタービーチで始まる素敵な出 合いをしていきませんか。楽しめる出 合いを経験するにはココから始まる!!最高の出 合いがあなたを待っている