Nyan Oo Maung - Beauty inside

ရင်ထဲက အချို
ဉာဏ်ဦးမောင်
နိုဝင်ဘာ ၂၈၊ ၂၀၀၉
          ဒီနေ့ နှုတ်ဆက်စကားကို မိတ်ဆက်ကာပြောပေးဖို့ ကိုယ့်အလှည့်ကျတယ်။ ကိုယ့်အရင်က တော်တော်များများ ပြောသွားကြပြီ။ အာမေးနီးယန်းအတန်းဖော်က Padex Inspexsk-ကောင်းသောညနေခင်းပါလို့နှုတ်ဆင်ရင် Lavem-လို့ ပြန်ဖြေရတယ်လို့ ပြောတယ်။ ဆူဒန်ကလာတဲ့ အာဖရိကန်မိတ်ဆွေကတော့ Habani Yako-ဆို တာကို Mzuri Sana လို့ တုံ့ပြန်ရတယ်လို့ ဆိုပါတယ်။ သူပြောတဲ့ 'ဟာဗာနီ ယကို' ဆိုတာက အင်္ဂလိပ်ဘာသာ စကားနဲ့ဆို How are you လို့အဓိပ္ပါယ်ထွက်ပြီး 'မဇူရီ ဆာ့နာ' ကတော့ 'I'm fine' လို့ဆိုလိုပါသတဲ့။ တွန်ဂါ ကျွန်းသူ(အာဖရိကမှာရှိတဲ့ တွန်ဂါနိုင်ငံ မဟုတ်ပါ) ကတော့ 'Malolelei' Hello လို့ အဓိပ္ပါယ်ရတဲ့စကားကို OK လို့ အဓိပ္ပါယ်ရတဲ့ 'Saipe' ဆိုတဲ့ စကားနဲ့ ပြန်ဖြေရပါသတဲ့။ သူမရဲ့ ဂီတသံနွယ်နေတဲ့ ’မာလို လေးလေ’ဆိုတဲ့ နှုတ်ဆက်သံနဲ့ ဆိုက်ပေ့ဆိုတဲ့ ပြန်ဖြေသံကလည်း တမျိုးစိတ်ဝင်စားဖို့ အကောင်းသားပါ။
          အတန်းထဲမှာ ကိုယ့်လိုပဲ အာရှသားတွေဖြစ်တဲ့ တရုတ်လူမျိုး၊ ဗီယက်နမ်နဲ့ အိန္ဒိယကလာတဲ့ ကျောင်းသားတွေ လည်းပါလို့ နီဟောင်တို့၊ ဆင်းကြောင်တို့၊ နမတ်ဆတေတို့နဲ့ နှုတ်ဆက်ကြတာကိုလည်း ကြားသိခဲ့ကြပြီးပြီ။ bwenas tardes- ဘွင်နာဆတာဒပ်စ် Good evening ဆိုတဲ့ မက္ကဆီကန်လိုနှုတ်ဆက်တာကိုလည်း သင်ခဲ့ပြီး ပြီ။ မှတ်မိရလေအောင် ဘာသာလူမျိုးပေါင်းစုံရဲ့ နှုတ်ခွန်းဆက်ပုံတွေကို အတန်းထဲရောက်တာနဲ့ ဆိုကြရတယ်။ ကိုယ်တောင် ခုဆိုတော်တော်စုံစုံလေး နှုတ်ဆက်စကားဆိုတတ်နေပြီ။ အသံဘယ်လောက် ပီ မပီဆိုတာက တော့ မူရင်းဘာသာစကားပြောတဲ့သူတွေနားမှပဲ သိနိုင်မှာပ။
          ဒီနေ့ ကိုယ့်အလှည့်ဆိုတော့ ကိုယ်က ကိုယ်တို့ရဲ့ ယဉ်ကျေးမှုမှာ နှုတ်ဆက်လေ့ရှိတဲ့အတိုင်း နေကောင်းလား၊ ကောင်းပါတယ်ဆိုတာကို အတန်းသားတွေကို ပြောပြတယ်။ထုံးစံအတိုင်းပဲ တစ်ဦးရဲ့နှုတ်ဆက်စကားကို အခြား သူတွေ တစ်ခါတည်း မှတ်မိသွားနိုင်စေဖို့အတွက် ကိုယ်က ရှေ့ကနေ ဆယ်ခေါက်လောက် ရွတ်ဆိုပေးတာကို အတန်းရဲ့ ဘာသာစကား ပါမောက္ခဆရာအပါအ၀င် အားလုံးက လိုက်ဆိုကြတယ်။ ပါမောက္ခရဲ့ တစ်ဦးတည်း ကြိုးစားပမ်းစား အခါခါဆိုတဲ့ နေကောင်းလား ဆိုတဲ့အသံက ကိုယ့်ရဲ့မြန်မာနားမှာတော့ မကွဲတကွဲ ၀ဲတဲတဲပါပဲ။ ဒါက ဘာသာမတူ၊ လျှာမတူ၊ အာမတူသူတို့ကြားမှာ ဖြစ်တတ်တဲ့ သဘာဝပဲလေ။
          ကိုယ်က ကိုယ်တို့ယဉ်ကျေးမှုမှာက တစ်ဖက်က နှုတ်ဆက်ခံပုဂ္ဂိုလ်ကို ကြည့်ပြီး နေကောင်းလားအပြင် အမေဆို လျင် နေကောင်းလား အမေ၊ အဖေဆိုလျင် နေကောင်းလားအဖေ၊ ဆရာဆိုလျင်လည်း နေကောင်းလားဆရာ ရယ်လို့ ထည့်လေ့ရှိတယ်။ တကယ်လို့ မေးသူက အမေဖြစ်လျင်လည်း နေကောင်းလား သား လို့မေးလျင် နေ ကောင်းတယ် အမေ၊ ဆရာဆိုလျင်လည်း ကောင်းပါတယ် ဆရာလို့ ပြန်ဖြေတတ်ကြတယ်ဆိုတဲ့အကြောင်း ရှင်း ပြတယ်။ ပြန်ဖြေရာမှာလည်း စကားလုံးတွင်မက အသက်အရွယ်ကြီးသူ၊ လေးစားလောက်သူတွေဆိုလျင် ဦး ခေါင်းပါညိတ်ပြီး ကောင်းပါတယ်အမေ၊ ကောင်းပါတယ်ဆရာရယ်လို့ ပြန်ဖြေမှ ပြည့်စုံပါတယ်လို့လည်း ခေါင်း အနည်းငယ်ညိတ်တဲ့ အမူအယာကိုပါပြပြီး ပြောပြလိုက်ပါတယ်။
          ကိုယ်ပြောပြတဲ့ ကောင်းပါတယ်အမေ၊ ကောင်းပါတယ်ဆရာ ဆိုတဲ့အသံနဲ့ အနည်းငယ်ညွတ်ပြတဲ့ ဦးခေါင်းက ဘယ်လောက်စိတ်ဝင်စားဖွယ် ဖြစ်သွားတယ်တော့ မသိဘူး။ အတန်းပြီးတော့ အတန်းဖော်နှစ်ယောက်က နောက်ကနေလိုက်လာပြီး မင်းတို့ယဉ်ကျေးမှုရဲ့ နှုတ်ဆက်သံက၊ အထူးသဖြင့် ပြန်ဖြေတဲ့ ကောင်းပါတယ် အမေ၊ ကောင်းပါတယ်ဆရာဆိုတဲ့အသံက သိပ်ချိုတာပဲ၊ မင်းဦးခေါင်းညိတ်တာလည်း သိပ်ပြီး စိတ်ဝင်စားဖို့ကောင်း တယ်လို့ ပြောပါတယ်။ မင်းတို့ဘာသာစကားကို လေ့လာကြည့်ဦးမယ်လို့ နှစ်ယောက်စလုံးက လှိုက်လှိုက်လှဲလှဲ ပြောကြတယ်။
          ကိုယ်ယူနေတာက ဘာသာစကားဆိုင်ရာအတန်းဖြစ်လို့ သူတို့တွေ ဘာသာစကားကို အထူးပြုလေ့လာနေတဲ့ ကျောင်းသူတွေဖြစ်နေတာကြောင့် ဘာသာစကားစိတ်ဝင်စားကြတာဖြစ်မှာလို့ပဲ တွေးမိပါတယ်။ ကိုယ်စိတ် ထက်သန်ရာ ဘာသာရပ်ဆိုလျင် ပိုမိုပြီးစိတ်ဝင်စားတတ်ကြတယ် မဟုတ်လား။ နောက်ပြီး Thank You လို့ ပြောချင်ရင် မင်းတို့ဘာသာနဲ့ ဘယ်လိုပြောရမလဲလို့မေးလို့ ကျေးဇူးတင်ပါတယ်လို့ ပြောရတယ်ဆိုတာကို လည်း သူတို့ကို ပြောပြလိုက်တယ်။ သုံးလေးခေါက်လောက် ကျေးဇူးတင်ပါတယ်လို့ ဆိုကြည့်ပြီး အိုကေ ရပြီ။ ကျေးဇူးတင်ပါတယ်လို့ မြန်မာလို ကိုယ့်ကိုပြောပြီး နှုတ်ဆက်ထွက်သွားကြလေရဲ့။ နောက်နေ့တွေမှာ သူတို့နဲ့ တွေ့တိုင်း နေကောင်းလား၊ ကျေးဇူးတင်ပါတယ်ဆိုတဲ့အသံကို ကြားရတော့မယ်ဆိုတာကိုလည်း ကိုယ့်စိတ်က အလိုလိုကြိုသိလိုက်ပါတယ်။
          သူတို့ကတော့ ယဉ်ကျေးမှုအရ၊ စူးစမ်းမှုတစ်ခုအဖြစ် ခုလိုပြောသွားကြတာ ဖြစ်ကောင်းဖြစ်မယ်။ သူတို့နဲ့ လမ်း ခွဲပြီးတော့ ကိုယ့်ယဉ်ကျေးမှုအကြောင်းကို စဉ်းစားမိတယ်။ ကောင်းပါတယ်အမေ၊ ကောင်းပါတယ် ဆရာဆိုတဲ့ နှုတ်ဆက်သံက သူတို့ပြောသလို တကယ်ကော ချိုသာနေသလား။ အမေဆိုတဲ့စကား၊ ဆရာဆိုတဲ့ စကားရဲ့ ပင်ကိုယ်မူလကိုက ချိုနေလို့လား။ ဒါမှမဟုတ် အမေလို့၊ ဆရာလို့ပြောတာကြောင့် ကိုယ့်ရဲ့စေတနာက ချိုနေတဲ့ အတွက်ပဲ အသံပါချိုသွားတာလား စသဖြင့် ဟိုဟိုဒီဒီ အတွေးများလည်း ပွားမိပါတယ်။
          လူရဲ့နှုတ်ဖျားက စကားဆိုတာက လိုတဲ့အခါ ချိုတတ်သလို မလိုတဲ့အခါကျပြန်တော့ တိုနေတတ်ပြန်တာပဲ မ ဟုတ်လား။ ကိုယ်ကတော့ လိုလျင်ချို၊ မလိုလျင် တိုတာမျိုးကို သဘောမကျပါဘူး။ တကယ့်မူမှန်စိတ်ထားနဲ့ ယဉ်ကျေးချိုသာတာကိုပဲ နှစ်သက်ပါတယ်။ ကိုယ်ပြောခဲ့တဲ့ နေကောင်းလား အမေ၊ နေကောင်းလားဆရာဆိုတဲ့ စကားကတော့ လိုလို့ ချိုခဲ့တာ မဟုတ်ပါဘူး။ ချိုနေလို့ကို ချိုခဲ့တာဖြစ်မှာပါလို့လည်း ကိုယ့်ဟာကိုပြန်ပြီး အမှတ် ကောင်းကောင်း ပေးမိပါတယ်။ သွေးထဲမှာ အချိုဓာတ်များရင် အန္တရာယ်ရှိတယ်လို့ ပြောကြတယ်။ ရင်ထဲက လာတဲ့ စကားထဲမှာ အချိုဓာတ်များတာကတော့ ဘာအန္တရာယ်မှ မရှိနိုင်ပါဘူး။
          ဘာပဲဖြစ်ဖြစ်ပါ။ ကိုယ့်ယဉ်ကျေးမှုရဲ့ နှုတ်ဆက်သံကို ချိုတယ်လို့ဆိုတဲ့အတွက်တော့ ၀မ်းမြောက်မိပါတယ်။ တ ကယ်လို့ ကိုယ့်နှလုံးသားမှာ ဆိုနေတဲ့ အမေဆိုတဲ့စကားသံ၊ ဆရာဆိုတဲ့စကားသံကိုများ သူတို့တွေ ကြားနိုင် လျင် ဘယ်လိုများဆိုလေလဲလို့လည်း တွေးဖြစ်အောင် တွေးလိုက်မိပါတယ်။ အတန်းထဲမှာ ကိုယ်ပြောခဲ့တဲ့ အမေဆိုတဲ့အသံနဲ့ ဆရာဆိုတဲ့အသံဟာ အမှန်တရားကို ကိုယ်စားပြုထားတဲ့ စကားလုံးမျှသာဖြစ်လို့ အစစ် တော့ ဘယ်ဟုတ်လိမ့်လေမလဲ။ အတုဆိုတာ အတူပြုမှု တစ်ခုမျှသာပဲလေ။ အစစ်ဘယ်ဖြစ်နိုင်ပါ့လဲ။ တကယ် လို့ ကိုယ့်အသံက သူတို့ပြောသလို ချိုတယ်ဆိုလျင်တောင် အမေနဲ့စပ်လာရင် နှလုံးသားက တကယ့်အချိုကို တော့ ဘယ်လိုမှ မှီနိုင်လေမယ် မဟုတ်ဘူးဆိုတာကိုဖြင့် ကိုယ့်အသံကိုနားထောင်ရုံမျှနဲ့တော့ သူတို့တွေ ဘယ် လို အမှန်အတိုင်း သိနိုင်ပါ့မလဲ။        

Comments