A patient dies during election pre-campaign

ကျန်းမာရေး ဒုဝန်ကြီး ပေါင်းတည်မြို့ မဲဆွယ်ခရီးတွင် လူနာတဦးသေဆုံး
မိုးမခအထောက်တော်၊ ရန်ကုန်
နိုဝင်ဘာ ၆၊ ၂၀၀၉ရွေးကောက်ပွဲအတွက် ကြိုတင် မဲဆွယ်နေသည်ဟု ဒေသခံများက ယူဆကြသည့် ဒေါက်တာမြဦး (ဓာတ်ပုံများ - ကြေးမုံသတင်းစာ)


ကျန်းမာရေး ဒုဝန်ကြီး ဒေါက်တာမြဦး၏ အောက်တိုဘာ ၂၈ ရက်နေ့ ပေါင်းတည်မြို့ဆေးရုံခရီးစဉ်အတွင်း ထိုဆေးရုံသို့ ရောက်လာသည့် လူနာများကို လက်ခံခြင်း မပြုသဖြင့် လူနာတဦး သေဆုံးသွားသည်ဟု သိရသည်။

ထိုလူနာကို ပြည်မြို့သို့ ပို့ဆောင်စဉ် သေဆုံးသွားခြင်း ဖြစ်သည်ဟု ပြည်မြို့မှ ဒေသခံတဦးက ပြောသည်။

"ပေါင်းတည်ဆေးရုံမှာ မျက်စိ အခမဲ့ခွဲပေးမယ် ဆိုပြီး ဆေးရုံကို ရှင်းခိုင်းထားတာ တကယ် အသဲအသန် ဖြစ်လို့ ဆေးရုံသွားတက်တဲ့ လူနာကို လက်မခံလိုက်ဘူး၊ အဲဒါနဲ့ ပြည်ဆေးရုံကို ရောက်လာတော့ အချိန်လင့်ပြီး သေသွားတယ်" ဟု ပြည်မြို့မှ ဒေသခံတဦးက ပြောသည်။

ဒုဝန်ကြီး ဒေါက်တာမြဦးသည် အစိုးရက စီစဉ်နေသည့် လာမည့်နှစ် ရွေးကောက်ပွဲတွင် ပေါင်းတည်မြို့ မဲဆန္ဒနယ်အတွက် လျာထားခံရသူ ဖြစ်သည်ဟု သိရသည်။

"သူက ပေါင်းတည်ကနေ၂၀၁၀မှာ ၀င်ရွေးခံမှာမို့ ကျန်းမာရေးနဲ့ ဆိုင်တဲ့ မဲဆွယ်တာတွေ လုပ်နေတယ်" ဟု ပေါင်းတည်မြို့ ဒေသခံတဦးက ပြောသည်။

"သရီးဒီဖန်းက အလကားဝေတဲ့ ဆေးစိမ် ခြင်ထောင်တွေကို သူလှူသလို ဝေတာမျိုး လုပ်နေတယ်၊ ပေါင်းတည်ကို ခုမှချစ်ပြီး လာလှူနေတာ" ဟု သူက ဆက်လက် ပြောပြသည်။

သူ၏ မိခင် နေထိုင်ရာ ပေါင်းတည်မြို့သို့ တခါတရံ သွားရောက်တတ်ပြီး မကြာသေးမီက ရန်ကုန်-ပြည် လမ်းမပေါ်ရှိ အိမ်ကြီးတလုံးကို ၀ယ်ယူလိုက်သည်ဟု ဒေသခံများက ပြောသည်။ ရွေးကောက်ပွဲနီးလျှင် သွားရောက် နေထိုင်ရန် အိမ်ဝယ်ခြင်းဖြစ်မည်ဟု အများက ယူဆနေကြသည်။

သို့သော်လည်း ဒေါက်တာမြဦး၏ ခရီးစဉ်ကြောင့် ပေါင်းတည်ဝန်းကျင်မှ မျက်စိ လူနာများ အဆင်ပြေသွားသည်ဟု သိရသည်။

အောက်တိုဘာလကုန်ပိုင်းက ၄ ရက်ကြာ ပြုလုပ်သည့် မျက်စိ ကျန်းမာရေး အစီအစဉ်တွင် ဆရာဝန်များက မျက်စိလူနာပေါင်း ၂၀၀၀ နီးပါးကို စမ်းသပ် စစ်ဆေးပြီး အတွင်းတိမ် လူနာပေါင်း ၅၀၀ ကျော်ကို ခွဲစိတ်ကုသပေးခဲ့ကြောင်း တနင်္လာနေ့ထုတ် ကြေးမုံသတင်းစာတွင် ရေးသားထားသည်။

ပေါင်းတည်သို့ မသွားမီ တရက်အလိုတွင် ဒေါက်တာမြဦးသည် ပဲခူးတိုင်း အနောက်ခြမ်းရှိ သာယာဝတီ၊ လက်ပံတန်း၊ စစ်ကွင်း၊ မင်းလှ ဆေးရုံများသို့ သွားရောက် စစ်ဆေးခဲ့သည်။ သို့သော်လည်း မျက်စိ အခမဲ့ ခွဲစိတ်မှု အစီအစဉ်များ ပြုလုပ်ခဲ့ခြင်း မရှိဘဲ လိုအပ်သည်များကို မှာကြားမှုများသာ ပြုလုပ်ကြောင်း ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
ဒေါက်တာမြဦး၏ မိန့်ခွန်းကို နားထောင်ရန် စုရုံးရောက်ရှိနေသည့် ပဲခူးတိုင်း ဆေးရုံတခုမှ ၀န်ထမ်းများ

Comments

Anonymous said…
ဒေါက်တာမြဦး အမေအိမ်က ရန်ကုန်-ပြည်လမ်း ပေါ်မှာ အစကတည်းကရှိတာလေ။ ပေါင်းတည်မြို့က လူတိုင်းသိတယ်။ သူ အဲလောက်လုပ်ဘို့မလိုပါဘူး။ သူဆေးခန်းထိုင်တုန်းက ပေါင်းတည်တမြို့လုံး သူ့လူနာချည်းဘဲ။ ပေါင်းတည်ဆိုတာ မြို့လေးမှ တကယ့်သေးသေးလေးပါ။
Anonymous said…
ဒေါက်တာမြဦး အမေအိမ်က ရန်ကုန်-ပြည်လမ်း ပေါ်မှာ အစကတည်းကရှိတာလေ။ ပေါင်းတည်မြို့က လူတိုင်းသိတယ်။ သူ အဲလောက်လုပ်ဘို့မလိုပါဘူး။ သူဆေးခန်းထိုင်တုန်းက ပေါင်းတည်တမြို့လုံး သူ့လူနာချည်းဘဲ။ ပေါင်းတည်ဆိုတာ မြို့လေးမှ တကယ့်သေးသေးလေးပါ။