သစ္စာလက်ကျန်ရှင်းတမ်းမှာ အကြွေးမရှိကြေး
ဆောင်းယွန်းလ
နိုဝင်ဘာ ၂၈၊ ၂၀၀၉
ဘာလို့…
သစ္စာမရှိတဲ့ ပန်းတွေမှ
ငါတို့ ဥတုမှာ ခိုးကြောင်ခိုးဝှက် လုယက် ရွေးပွင့်ပြကြရတာလဲ ….
ဖော်လန်ဖားမှ လန်းမယ့် ပန်းတွေ
တတောလုံး မြေခခဲ့ရင်တောင်
ဝမ်းနည်းခြင်းတွေ တလုံးတပါဒမှ ကြွေကျမိမှာ မဟုတ်ပါဘူး …
တပွင့်တည်း ပွင့်မယ့် ပန်းကိုမှ
ထိကပါးရိကပါး လောင်းရိပ်က မကြာခဏ လာကျရသတဲ့လား….
အသိတရားမဲ့ မြားပစ်ချက်တွေက နားဝမှာ တဝီဝီ
ကံမလို့သာ ခြောက်ပေကျင်း နှုတ်ခမ်းဝက သီသီလေး လွတ်ခဲ့ရတယ်…
လူပီသမှုများစွာနဲ့ တကြိမ်တခါတော့ ရူးသွပ် မိုက်မဲခဲ့ဖူးတာပေါ့…
နေကို ခူးဆွတ်ဖို့ ရူးသွပ်ခဲ့ဖူးတာ မဟုတ်သလို
လကို သိမ်းပိုက်ဖို့လည်း မိုက်မဲခဲ့ဖူးတာတော့ မဟုတ်ဘူး…
ကိုယ်လုပ်မှ ကိုယ်ဖြစ်မယ်ဆိုတဲ့ ဂေါတမတရားတော်အတိုင်း
ခေတ်ရဲ့ စေခိုင်းချက်ကို ကျွဲပခုံးထအောင် ထမ်းပိုး
တနေ့တလံဆိုတဲ့ တုံးတိတိ အသိမျိုးနဲ့ပဲ
မျှော်လင့်ချက်ကို မျက်ခြေမပြတ်ရအောင် ရှေ့ဆက်တိုးနေခဲ့တာပါ…
ဒီလောက်လျှောက်ခဲ့ပြီးမှ ရသလောက်ကို ကုန်းကောက်
အိမ်တံခါးကို နောက်ဖေးပေါက်က တိတ်တိတ်ခေါက်ရမယ်ဆိုရင်
ဟိုအရင် ဒေါင်းမောင်းတင်ထားတဲ့ မာနတွေက
ဈေးခေါင်းမကွဲခင် ဒစ်စကောင့်ချခံရတဲ့ ဖန်ခွက်တလုံးလောက်မှ တန်ဖိုးရှိပါ့မလား…
ဟေ့… … … ဒီ… … … မှာ … … … … … … …
သစ္စာသေနတ်ပြောင်းမှာ မောင်းတင်ထားတဲ့ မာနဆိုတာ
တွေ့ကရာနေရာကို ထင်သလို ပစ်ချလိုက်ဖို့ မဟုတ်ဘူး…….
ကိုယ့်နဖူးကိုယ် အလံဖြူတပ် သေနတ်နဲ့ ပြန်ချိန်နေတာလောက်
သစ္စာဖောက်တဲ့ ရှက်ကြောက်စရာကိစ္စ ဟောဒီလောကမှာ ရှိနိုင်ပါ့ဦးမလား …
စကားတွေဖာလိုက်ကြ တရားတွေနာလိုက်ကြနဲ့
မုသာဝါဒ အပင်တွေ ရောထွေး ယှက်တင်နေကြတဲ့
မှော်ရုံတခွင်မှာမှ ချွေးသိပ်တေးနဲ့ ပျော်ချင် အိပ်ချင် ငေးချင်ကြသတဲ့လား ...
လူတွေရဲ့ သည်းခြေကြိုက်က
အငိုက်မှာ အရှိုက်ကို ဘယ်ညာဝိုက်ထိုးတတ်တဲ့
မိုက်တိုင်ဆန်ရဲ့ လက်သီးမျိုးထက် တည့်တည့်မှန်တယ် ပြင်းတယ် ထန်တယ်….
တခုခုရဖို့ တခုခုကိုမှ တင်းမခံနိုင်ရင် ရောက်တဲ့နေရာက လှည့်ပြန်
သစ္စာလက်ကျန်ရှင်းတမ်းမှာ အကြွေးမထားကြေး
လူတိုင်း ကိုယ့်အသိတရား ကိုယ်သွေးပြီး ကိုယ့်သမိုင်း ကိုယ်ရေးနေကြတာပါ…..။
Comments