UN condemn Burma on Rights abuse

နှစ်စဉ် ကုလညီလာခံက ၀တ္တရားမပျက် မြန်မာနဲ့ မြောက်ကိုရီးယားကို ရှုတ်ချ
မိုးမခအထောက်တော် ၀၀၃
နိုဝင်ဘာ ၂၀၊ ၂၀၀၉
ယမန်နေ့က ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အထူးကော်မီတီ (တတိယကော်မီတီ) က လူ့အခွင့်အရေးများ ချိုးဖောက်လျက်ရှိသည့် မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံတို့ကို ပြစ်တင်ရှုတ်ချလိုက်သည်။ အီရန်အား ၎င်းပြည်သူများအပေါ် ဖိနှိပ်မှုအတွက် ပြစ်တင်ရန်ကို ယနေ့တွင် ဆွေးနွေးကြမည်ဟု ဆိုသည်။
မြောက်ကိုရီးယားကို ထောက်ခံမဲ ၉၇၊ ကန့်ကွက် ၁၉၊ ကြားနေ ၆၅ ဖြင့်၎င်း၊ မြန်မာကို ထောက်ခံ ၉၂၊ ကန့်ကွက် ၂၆၊ ကြားနေ ၆၅ တို့ဖြင့် ကုလအထွေထွေညီလာခံအဖွဲ့ဝင် ၁၉၂ နိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ပြစ်တင်ရှုတ်ချရန် ဆုံးဖြတ်လိုက်သည်။ ၎င်း ဆုံးဖြတ်ချက်များမှာ နှစ်စဉ် ပြုနေကြ ၀တ္တရားများသဖွယ်ဖြစ်ပြီး ထိုပြစ်တင်မှုများနောက်တွင် အရေးယူမည့်ဆုံးဖြတ်ချက် ပါဝင်လေ့မရှိပေ။ ၂ နိုင်ငံစလုံးက ကုလကိုယ်စားလှယ်များက ထိုဆုံးဖြတ်ချက်ကို ပယ်ချလိုက်ပြီး ကုလညီလာခံကို ပြန်လည်ဝေဖန်ပြောဆိုခဲ့သည်မှာလည်း ထုံးစံအတိုင်းပင် ဖြစ်သည်ဟု ဆိုသည်။
ယနေ့ သောကြာတွင် အီရန်ကို ပြစ်တင်ရန် ဆွေးနွေးကြဦးမည် ဖြစ်ပြီး လာမည့်ရှေ့လ ကုလအထွေထွေညီလာခံကြီးတွင် ထိုဆုံးဖြတ်ချက်များကို တရားဝင် အတည်ပြုကြမည် ဖြစ်သည်။

Comments