၂၀၁၀ အတွက် မဲဆန္ဒရှင်များစာရင်း ရန်ကုန်မြို့တွင် စတင်ကောက်ယူပြီ
ဝင်းမြတ်၊ ရန်ကုန်
ဒီဇင်ဘာ ၁၈၊ ၂၀၀၉
လာမည့် ၂၀၁၀ တွင် ကျင်းပမည့် ရွေးကောက်ပွဲ အတွက် ရပ်ကွက်အတွင်း လက်ရှိနေထိုင်သူများကို ရှိကောက် မိသားစုစာရင်း ဟု အမည်ပေးထားသည့် မဲစာရင်းကို စတင်ကောက်ယူနေပြီဟု ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူ မိသားစုတစုကပြောပြသည်။
တနေ့က အိမ်မှာ စာရွက်ပုံစံ တခု လာပေးပြီး လက်ရှိနေထိုင်နေသည့် သူများစာရင်းကို ဖြည့်သွင်း ပေးထားရန်နှင့် နောက်ရက်များတွင် လာပြန်ယူမည်အကြောင်းကို ရပ်ကွက် အေးချမ်းသာယာရေး ကောင်စီဝင်များက ပြောဆိုပြီး ပေးခဲ့သည်ဟု အဆိုပါနေထိုင်သူက ပြောသည်။
အဆိုပါစာရင်းတွင် အမည်၊ မိဘနှစ်ပါး၏ အမည်၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်နှင့် အိမ်ထောင်စု စာရင်း၊ ဧည့်စာရင်း သို့မဟုတ် ယာယီ အိမ်ထောင်စုစာရင်းတခုခုဖြင့် နေထိုင်သည်ကို ခွဲခြားဖေါ်ပြရန် ပုံစံချထားသည်ကို တွေ့ရှိရသည်။
၂၀၁၀ ရောက်ရှိရန် ရက်ပိုင်းသာ လိုတော့သည့် ယနေ့အထိ နအဖ အစိုးရမှ ရွေးကောက်ပွဲ ဥပဒေ ကိုလည်း မကြေငြာသေးသလို ရွေးကောက်ပွဲကို မည်သည့်အချိန်၊ မည်သည့်နေ့ရက်တွင် ကျင်းပမည်ဆိုသည်ကို မကြေငြာသေးပဲ နအဖ အစိုးရဖက်မှမူ ကြံ့ဖွံ့စည်းရုံးရေး မဲဆွယ်ခြင်းများနှင့် အခြားပြင်ဆင်မှုများကို ကြိတ်ပြီးလုပ်ကိုင်လျက်ရှိသည်ကို တွေ့ရှိရသည်။
ယမန်နှစ် မေလတွင်ပြုလုပ်ခဲ့သည့် အခြေခံဥပဒေ အတည်ပြုမဲဆန္ဒပေးပွဲတွင် ခြိမ်းခြောက်ခြင်း၊ မဲလိမ်ခြင်း၊ မလိမ့်တပတ်ဖြင့် ကြိုတင်မဲစာရင်းတွင် ထည့်သွင်းကာ ထောက်ခံမဲ အဖြစ်ရောက်စေခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့ကြသည့် သာဓကများ နေရာများစွာတွင် တွေ့ရှိခဲ့ရပြီး လာမည့်ရွေးကောက်ပွဲတွင်လည်း ထိုသို့ပြုလုပ် လိမ့်မည်ဟု နိုင်ငံရေး အကဲခတ်သူများက တွက်ဆလျက်ရှိကြသည်။
ပြီးခဲ့သည့် အခြေခံ ဥပဒေ ဆန္ဒမဲပေးပွဲတွင် ၀န်ထမ်းမိသားစုများ တပ်မိသားစုများအား ထောက်ခံမဲပေးရန်၊ သိုမဟုတ် ကြိုတင်မဲပေးရန် ဖိအားပေးခဲ့သည်ကို တွေ့ရှိရပြီး နာဂစ်ဒဏ်ခံ ဧရာဝတီတိုင်း ကျေးရွာများတွင်မူ ကန့်ကွက်မဲများလျင် နယ်မြေဖွံ့ဖြိုးရေးကိစ္စရပ်များ ကို နအဖ အစိုးရက လုပ်ဆောင်မပေးဟု ခြိမ်းခြောက် ပြီးထောက်ခံမဲ ထည့်စေခဲ့သည်ဟုလည်း ဧရာဝတီတိုင်း ဒေးဒရဲအပိုင်ကျေးရွာမှ ရွာသားများကပြောဆိုသည်။
Comments