Burmese Regmime to operate CDMA phone line for 500 US$ per line


ကမ္ဘာနှင့် ရင်ဘောင်မတန်းချင်သည့် မြန်မာပြည်၏ ကျောက်ခေတ်စီးပွားရေး -
 စီဒီအမ်အေ ဖုန်းလျှောက်လွှာများ တခေတ်စားပြန်
မိုးမခ အထောက်တော်၊ ရန်ကုန်
ဒီဇင်ဘာ ၉၊ ၂၀၀၉
ဖုန်းတလုံး ငွေ ၅ သိန်း ( ဒေါ်လာ ၅၀၀)
    ရန်ကုန်မြို့နှင့်မန္တလေးမြို့များတွင် မြို့နယ်ပြင်ပယူဆောင် သုံးစွဲ၍မရနိုင်သော စီဒီအမ်အေ ဖုန်းများ ကျပ်ငါးသိန်းဖြင့် အငှားချပေးမည့် သတင်းကြောင့် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဖုန်းလျှောက်လွှာရောင်းသူများ ပေါ်ထွက်လာပြီး ၀ယ်ယူလျှောက်ထားသူများလည်း များပြားသည်ကိုတွေ့ရှိရသည်။

    ယခင်က ဂျီအက်စ်အမ်၊ ဒဗလျူ စီဒီအမ်အေ ဖုန်းများအငှားချပေးတော့ မည်ဆိုသည့်သတင်းများ ဂျာနယ်များတွင် ပါရှိပြီးမကြာခင် ဖုန်းလျှောက်လွှာရောင်းချသူများ ရန်ကုန်မြို့လမ်းဘေး ၀ဲယာတလျှောက်ပေါ်ထွက်လာသည့် နည်းတူ ယခုတကြိမ်လည်း စီဒီအမ်အေ ၈၀၀ မီဂါဟတ် စနစ်သုံးဖုန်းများ လုံးရေ ၁သိန်းခွဲ ချပေးမည်ဆိုသည့် သတင်းများကြောင့် ပြီးခဲ့သည့် တပတ်အတွင်း ဖုန်းလျှောက်လွှာရောင်းချသည့် လမ်းဘေး ဆိုင်များစည်ကားလာသည်ကိုတွေ့ရသည်။

    ယခင် ဂျီအက်စ်အမ် ပေါ်ထွက်ခါစ၊ ဈေးကောင်းနေစဉ်အချိန်ကလို အုတ်အော်သောင်းနင်း လျှောက်လွှာတင်ခြင်းမဟုတ်သော်လည်း မြန်မာ့ဆက်သွယ်ရေးမှ ငှားရမ်းခမှာ ကျပ်ငွေငါးသိန်းဆိုသည့် အချက်ကြောင့် အိမ်ဖုန်းအနေဖြင့် သုံးစွဲရန် အများသုံးဖုန်းအဖြစ် စီးပွားရေး လုပ်ရန်၊ ဈေးနှုန်းမြင့်တက်သည့် အခါ အမြတ်အစွန်းရနိုင်သည့် မျှော်လင့်ချက်များဖြင့် စိတ်ဝင်စားကြခြင်းဖြစ်သည်ဟု လျှောက်ထားသူများ၏ ပြောဆိုချက်အရ သိရှိရသည်။
    လျှောက်လွှာတစုံတွင် ဦးတည်လျှောက်ထားရမည့် လိပ်စာနှစ်ခုပါဝင်ပြီး တစုံကို အနည်းဆုံးကျပ် ၂၀၀မှ အများဆုံး ၅၀၀ အထိရောင်းချလျက်ရှိသည်ကို တွေ့ရှိရသည်။ လျှောက်ထားသူများအနေဖြင့် ငှားရမ်းခွင့်ရရှိလျင် နေထိုင်ရာ မြို့နယ်တွင်သုံးစွဲနိုင်သည့် ဖုန်းကိုသာရရှိမည် ဖြစ်ပြီး အခြားမြို့နယ်များသို့ သယ်ယူသွားပါက ဆက်သွယ်၍ရနိုင်တော့မည် မဟုတ်ဟု သိရသည်။

ကန့်သတ်ချက်များကြောင့် ၁၅ သိန်း (ဒေါ်လာ ၁၅၀၀) မှ ၅ သိန်း (ဒေါ်လာ ၅၀၀) သို့ ဆင်း
ယခင် ငှားရမ်းပေးခဲ့သည့် ၀၉၈၀xxxxx ၊ ၇xxxxxနှင့်စသည့် စီဒီအမ်အေစနစ် ဖုန်းများမှာ ကွန်ရက်ရှိသည့် မည်သည့်မြို့နယ်မဆို သုံးစွဲနိုင်ပြီး ယခုငှားရမ်းမည့်ဖုန်းမှာမူ မြို့နယ်တခုချင်း အလိုက်သာ ကန့်သတ်သုံးစွဲနိုင်မည့် သဘောဖြစ်သည်။
ထိုအချက်ကြောင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသို့ပေးသွင်းရမည့်ငွေပမာဏကို ကျပ်ငွေငါးသိန်းသတ်မှတ် ထားခြင်းဖြစ်နိုင်ကြောင်း၊ အခြားသော မိုဘိုင်းဖုန်းများမှာ ပြောဆိုခ စပေါ် ၅သောင်းအပါအ၀င် စုစုပေါင်း ၁၅သိန်း ၅သောင်း ပေးသွင်းရပြီးယခု မြို့နယ်တွင်းသုံး စီဒီအမ်အေမှာမူ ကျပ် ၅သိန်း၅သောင်းသာသွင်းရမည် ဟုသိရှိရသည်။

ဂျီအက်စအမ်မိုဘိုင်း စည်းရုံးရေးလက်နက် - ဒေါ်လာ ၅ ထောင် မှ ၁ ထောင်သို့
ဂျီအက်စ်အမ် မိုဘိုင်းစနစ် စတင်ခါစ ၂၀၀၁-၀၂ ခုနှစ်များတွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသို့ ကျပ်ငါးသိန်းသာ ပေးသွင်းရသော်လည်း ပြင်ပတွင် ဂျီအက်စ်အမ်ဖုန်းတလုံးကို သိန်း၂၅ သိန်းမှ အမြင့်ဆုံး သိန်း ၅၀ ထိရောက်ရှိခဲ့ဖူးသည်။ ဖုန်းငှားရမ်းခွင့်ပါမစ်ကို စစ်တပ်အရာရှိများ၊ ဌါနဆိုင်ရာ အရာရှိကြီးများ၊ ကြံ့ဖွံ့တာဝန်ရှိသူများ တို့အားငှားရမ်းခွင့်ပေးခြင်းဖြင့် မိုဘိုင်းဖုန်းသည် စည်းရုံးရေး လက်နက်သဖွယ်ဖြစ်ခဲ့သည်။
မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းသည် ၂၀၀၀ ခုနှစ် အစပိုင်းကာလများကဲ့သို့ လူနေမှု အဆင့်အတန်းပြယုဂ် တခုမဟုတ်တော့ သော်လည်း သာမန် လခစားဝန်ထမ်းများအနေဖြင့် လက်လှမ်းမမှီနိုင်သေးသည်ကိုတွေ့ရသည်။ ယခုလက်ရှိ ဈေးအသက်သာဆုံး မိုဘိုင်းဖုန်းဖြစ်သည့် ဆယ်လူလာမိုဘိုင်းသည်ပင်လျင် ကျပ် ၉သိန်းမှ ၁၀ သိန်းရှိပြီး ၀၉၈၀ နှင့်စသည့် စီဒီအမ်အေမှာ ကျပ် ၁၂သိန်းကျော်၊ ဂျီအက်စ်အမ်မိုဘိုင်းမှာ ကျပ်၁၆သိန်းမှ ၁၈သိန်းဝန်းကျင် ပေါက်ဈေးရှိပြီး ငှားရမ်းသုံးစွဲပါက တလငှားရမ်းခ အနိမ့်ဆုံးကျပ် ၄သောင်းနှင့် စပေါ် ၂သိန်းပေးထားရသည်ဟု သိရှိရသည်။

တယ်လီဖုန်း = မြန်မာပြည်၏ အထက်လွှာပစ္စည်း = ပြည်ပမှာ လူတိုင်းသုံး = ၁ ဒေါ်လာ

    လုပ်ခ တလကို ကျပ် ၅သောင်းမှ ၁ သိန်းဝန်းကျင်ရရှိသူ အနေဖြင့်ပင်လျင် ကျပ် ၁၀ သိန်း သိန်း ၂၀ နီးပါးပေးရသည့် မိုဘိုင်းဖုန်းကို ကိုင်ဆောင်နိုင်ခြင်း မရှိသေးပေ။ အိမ်နီးချင်းနိုင်ငံများတွင် မိုဘိုင်းဆင်းကဒ် တကဒ်ကို ကျပ်ငွေ ၁၀၀၀ ၀န်းကျင်ဖြင့်ဝယ်ယူနိုင်ပြီး တစ်မိနစ် ပြောဆိုခ ကျပ် ၃၀ ဖြင့်သုံးစွဲနိုင်သည့်အတွက် အောက်ခြေသိမ်းအလုပ်သမားများအထိ မိုဘိုင်းဖုန်း သုံးစွဲနိုင်သည်ကို တွေ့ရသည်။

          “မြန်မာပြည်က ဗိုလ်ချုပ်တွေ လက်ဝါးကြီးအုပ်လုပ်ငန်းရှင်ကြီးတွေက ကမ္ဘာနဲ့ ဘယ်တော့မှ ရင်ဘောင်တန်းနိုင်အောင်လုပ်ချင်မှာ မဟုတ်ဘူး။ အပြင်မှာ ဒေါ်လာ ၅ ထောင် တန် ကားကို ပြည်တွင်းမှာ ဒေါ်လာ ၅ သောင်း လောက်နဲ့ ရောင်းမယ်။ အပြင်မှာ ဒေါ်လာ ၁ ဒေါ်လာလောက် ပေးရတော့တဲ့ ဆင်းကဒ်ကို ၅၀၊ ၁၀၀ ကျော်နဲ့ ရောင်းချင်တယ်။ ကျောက်ခေတ်စီးပွားရေးမျက်စိနဲ့ ပြည်သူတွေဆီကနေ လည်ပင်းညှစ်နေတာ” ဟု မိုးမခသို့ စာဖတ်သူတဦးက မှတ်ချက်ပေးသွားသည်။
(ရန်ကုန်မြို့ လူစည်ကားရာ မဟာဗန္ဓုလ လမ်းမနံဘေးတွင်ရောင်းချလျက်ရှိသည့် စီဒီအမ်အေ မိုဘိုင်းဖုန်းလျှောက်လွှာ၊ ရန်ကုန်လမ်းဘေးဈေးသည်များ အဖို့ အချိန်အခါအလိုက် ခေတ်စားသည့် လျှောက်လွှာရောင်းချခြင်းသည် ၀င်ငွေရလွယ်သည့် လုပ်ငန်းတခုဖြစ်သည်။ )

Comments