Ei Kyar Kway passes away

အီကြာကွေး ကွယ်လွန်
မိုးမခအထောက်တော် အမှတ် ဝ၁ဝ
ဒီဇင်ဘာ ၁၆၊ ၂ဝဝ၉
၂ဝဝ၈ သြဂုတ်လ ၁၂ ရက်နေ့ထုတ် သစ္စာသတင်းဂျာနယ်တွင် ဖော်ပြထားသည့် အီကြာကွေး၏ ဓာတ်ပုံ။
"ဘဘခေတ်တုန်းက စာရေးဆရာတွေက ပရိသတ်တွေကို ဦးဆောင်တယ်။ ဒီဘက်ခေတ်စာရေးဆရာတွေက ပရိသတ်ရဲ့ နောက်လိုက်ဖြစ်သွားပြီ။ စာရေးဆရာတွေက ပရိသတ်ရဲ့  ခေါင်းဆောင် မဖြစ်တော့ဘူး။ - - ပရိသတ် အကြိုက် လျှောက်ရေးကြတာ များတယ်" ဟု အီကြာကွေးက သစ္စာနှင့် အင်တာဗျူးတွင် ပြောသည်။


အသက် ၇၀ ကျော်အရွယ် ဟာသ စာရေးဆရာ အီကြာကွေးသည် ယမန်နေ့က ရန်ကုန်တွင် ကွယ်လွန်သွားသည်။

၁၉၃၈ ခုနှစ်တွင် မွေးဖွားသည့် အီကြာကွေး၏ အမည်ရင်းမှာ ဦးကျော်ထွန်း ဖြစ်သည်။ ဓနုဖြူဇာတိ ဖြစ်သောကြောင့် စာရေးရာတွင် ဓနုဖြူကျော်ထွန်း ဟူသော ကလောင်အမည်ကို စတင် ယူခဲ့သည်။ နောက်ပိုင်းတွင် အီကြာကွေး ဟူသော ကလောင်အမည်ဖြင့် ဟာသ စာပေများ ရေးသားခဲ့သည်။ ဂျာနယ် နှင့် မဂ္ဂဇင်းတို့တွင် ဖော်ပြခဲ့ကြသည့် အီကြာဘယ်သို့ ချစ်ရမယ်၊ ခွပ်လိုက်ကြစို့ သူငယ်ချင်း တို့မှာ လူကြိုက်များသော သရော်စာများ ဖြစ်သည်။ ကဗျာများကို ဓနုဖြူကျော်ထွန်း အမည်ဖြင့် ရေးဖွဲ့ခဲ့သည်။

၁၉၅၄ ခုနှစ်မှ စာများ အဆက်မပြတ် ရေးသားခဲ့သူ စာရေးဆရာကြီး ဖြစ်သည်။

လွန်ခဲ့သော ၃ နှစ်ခန့်ကပင် အီကြာကွေးသည် သွေးတိုး၊ နှလုံး စသည့် ဝေဒနာများကြောင့် ပြင်ပသို့ သွားလာခြင်း မပြုနိုင်ဘဲ ရန်ကုန်မြို့၊ တောင်ဥက္ကလာပရှိ သူ၏ အိမ်တွင်သာ နေထိုင်ခဲ့သည်။

လုံးချင်းဝတ္တု ၁၇ အုပ်ရေးခဲ့သည်။ ရွှေမန်းသဘင်တွင် ရှေ့ပိုင်းပြဇာတ် ဒါရိုက်တာ အဖြစ် ပုတီးတလုံး ဂျောက်ခနဲ၊ မျက်လုံးများပင် မြင်ပါပြီ၊ အဆိပ်တောက်မှ ပြန်ခဲ့ပါ ပြဇာတ်များကို စီစဉ် တင်ဆက်ခဲ့သည်။

အနယ်နယ် အရပ်ရပ်သို့ သွားရောက်ပြီး စာပေဟောပြောပွဲများတွင် တက်ရောက် ဟောပြောခဲ့သူဖြစ်သည်။

နာဂစ်မုန်တိုင်း တိုက်ခိုက်စဉ်က သူ၏ နေအိမ်မှ သွပ်မိုးများ ဆုံးရှုံးခဲ့ရကြောင်း၊ အိမ်လည်း အနည်းငယ် ပျက်စီးသွားကြောင်း သိရသည်။ စားဝတ်နေရေး နှင့် ကျန်းမာရေး စရိတ် အခက်အခဲ ရှိသဖြင့် သူသိမ်းဆည်း စုဆောင်းထားသည့် စာအုပ်များကို ရောင်းချမည်ဟု ကြေညာခဲ့ဖူးသည်။

Comments