Khaing Mar Kyaw Zaw - Burmese at the border - 9


နယ်စပ်လမ်းက ဝမ်းတထွာ ၉
ခိုင်မာကျော်ဇော
ဒီဇင်ဘာ ၃၀၊ ၂၀၀၉
      ထိုင်းနိုင်ငံ ရနောင်းမြို့ဟာ ငါးလုပ်ငန်းနဲ့ နံမည်ကျော်တဲ့ မြို့တမြို့ဖြစ်ပြီး ငါး၊ ပုဇွန်၊ ကင်းမုံတွေကို နိုင်ငံခြား ပို့ကုန်ဖြစ်အောင် ထုတ်လုပ်နေတဲ့ ငါးပုဇွန်စက်ရုံများစွာရှိတဲ့ မြို့လည်းဖြစ်ပါတယ်။  
      ရနောင်းမြို့မှာ ဂျပန်၊ ကိုးရီးယားနိုင်ငံတွေကလာပြီး ထိုင်းစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဖက်စပ်တည်ထောင် ထားတဲ့  ငါးပုဇွန် စက်ရုံတွေရှိပြီး အဲ့ဒီငါးပုဇွန်စက်ရုံတွေမှာ စံချိန်မှီ နိုင်ငံခြားပို့ကုန် ငါး၊ ပုဇွန်တွေဖြစ်အောင် ပုဇွန် တွေကို  ခေါင်းချိုး၊ အခွံချွတ်၊ ကျောခွဲ၊ သန့်စင်၊ ငါးတွေကို အညစ်အကြေးထုတ်၊ ဖြတ်တောက်၊ ချိန်တွယ်၊ ထုပ်ပိုးရတဲ့ အလုပ်တွေကို နေ့စားလရှင်းလုပ်ကိုင် နေကြတာက မြန်မာနိုင်ငံသား အမျိုးသမီးငယ်တွေများပါတယ်။  
      ငါးပုဇွန်စက်ရုံတွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအမျိုးသမီးလေးတွေဟာ လူမျိုးမတူ၊ ဘာသာစကား မတူတဲ့ ထိုင်းအလုပ်သမားခေါင်းဆောင်တွေရဲ့ လက်အောက်မှာ အစစအရာရာ သတိရှိရှိနဲ့ ဝမ်းကြောင်းနေကြရ တာပါ။ မြန်မာနိုင်ငံသား ဆိုရင် အထင်အမြင် သေးတတ်ကြ၊ အနိုင်ကျင့် နှိပ်စက်ချင်ကြတဲ့ ထိုင်းလူမျိုးတွေကလည်း သူတို့အလုပ်လုပ်တဲ့ ငါးပုဇွန်စက် ရုံတွေထဲမှာလည်း ရှိနေကြတာပါ။ 
      ငါးပုဇွန်စက်ရုံထဲက ထိုင်းအလုပ်သမား ခေါင်းဆောင်တချို့ဟာ မြန်မာမိန်းကလေးတွေကို အလုပ်သွား အလုပ်ပြန်ချိန် မှာ၊ လုပ်ငန်းဂွင်ထဲမှာသာမက မိန်းကလေးတွေ စုပြီးဌားရမ်းနေထိုင်တဲ့ အိမ်တွေအထိ အိနြေ္ဒသိက္ခာမဲ့ အောင်လိုက်ပြီး နှောက်ယှက်တာတွေရှိပါတယ်။ 
      “သဘာဝအရ စတာပြောင်တာကို ကျမတို့ နားလည်ပါတယ်။ ဒါပေမယ့် တချို့ကိစ္စတွေက ကျမတို့ မခံနိုင်ဘူး။ သူတို့ စော်ကားကို မခံတော့ အလုပ်ထဲမှာ အပြစ်မရှိ အပြစ်ရှာ ဒဏ်ပေးတယ်။ အညစ်အကြေးထုတ်တာ မစင်ဘူး၊ အခွံခွာပြီးတဲ့ ပုဇွန်ထဲမှာ ဆံပင်ချည်တွေ့တယ်ဆိုပြီး ရေခဲတုံးကြီးတွေပေါ်မှာ ရပ်ခိုင်းတာ၊ ရေခဲတုံးကြီး တွေကို ရွက်ခိုင်းတာတွေလုပ်တယ်” လို့ ပုဇွန်စက်ရုံတခုမှာ အလုပ်လုပ်နေတဲ့ မသန်းအေးက ပြောပါတယ်။ 
      ဒီလို ပြစ်ဒဏ်ပေးမှုကို ခံခဲ့ရသူက မသန်းအေးရဲ့ သူငယ်ချင်း ချိုချိုဝင်းပါ။ ဒါကို မသန်းအေး မမေ့နိုင်သလို သူငယ်ချင်း ဖြစ်သူကို အပြစ်မရှိအပြစ်ရှာပြီး လူပုံအလယ်မှာ အပြစ်ပေးခဲ့၊ အရှက်ရအောင်လုပ်ခဲ့တဲ့ အဲဒီအလုပ် သမားခေါင်းဆောင်ကိုလည်း ဒီနေ့ထက်ထိ သူ မုန်းတီးနေဆဲပဲလို့ မသန်းအေးက ပြောပါတယ်။ 
      ထိုင်းအလုပ်သမားခေါင်းဆောင်က ချိုချို့ကို မတရားအပြစ်ပေးတာကို မသန်းအေးတို့စက်ရုံက အလုပ်သမားတိုင်းသိ ကြပါတယ်။ ဒါပေမယ့် အလုပ်သမားခေါင်းဆောင်တွေရဲ့ အငြိုအငြင်ခံရမှာကို စိုးလို့။  အပြစ်မရှိ အပြစ်ရှာမှာကို ကြောက်လို့၊ အကြောင်းမရှိ အကြောင်းရှာပြီး  သူတို့ကိုပါ အလုပ်ထုတ်ပစ်မှာကို စိုးရိမ်လို့ သူတို့ ဘယ်သူကိုမှ မတိုင်ရဲ၊ မပြောရဲကြဘူးလို့  မြန်မာအလုပ်သမားတွေက ပြောကြပါတယ်။ 
      ငါးပုဇွန်စက်ရုံတွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေဟာ သူတို့ရဲ့ တဝမ်းစား တခါးဝတ် အတွက်သာမက သူတို့ရဲ့ မိသားစု စားဝတ်နေရေးအတွက်ပါ တဖက်တလမ်းကနေ ပုခုံးထမ်းနေကြရတာမို့ အလုပ် သမားခေါင်းဆောင်တွေ၊ အလုပ်ရှင်တွေနဲ့ ပြဿနာမဖြစ်အောင်၊ အလုပ်မပြုတ်အောင် အတတ်နိုင်ဆုံး ရှောင်ကြ ပါတယ်။ 
      “ကိုယ့်နိုင်ငံသားတွေအပေါ် ဒီလိုလုပ်တာ မတရားမှန်းသိပေမယ့် ဒီမှာက မြန်မာအလုပ်သမားတွေကို ကူညီတဲ့ အဖွဲ့တွေ၊ ပြောလို့ တိုင်လို့ရတဲ့ နေရာတွေ မရှိဘူး။ ဒါကြောင့် ကိုယ်နဲ့ ထိပ်တိုက်မတိုးအောင်ပဲ သတိထား ရှောင်ကြတာ များတယ်”လို့ ထိုင်းနဲ့ကိုးရီးယားပိုင် စက်ရုံတခုမှာ အလုပ်လုပ်နေတဲ့ ဝေဝေက ပြောပါတယ်။ 
      ဝေဝေဟာ ခေတ်ပညာတတ် အမျိုးသမီးငယ် တယောက်ပါ။ မိသားစု စားဝတ်နေရေး အကြပ်အတည်း ကြောင့် တက္ကသိုလ် ဒုတိယနှစ် ပညာရေးကိုရပ်ဆိုင်းပြီး အစ်မဖြစ်သူ အလုပ်လုပ်နေတဲ့ ရနောင်းမြို့ကို ရောက် လာသူပါ။ ဝေဝေ အလုပ်က အအေးခန်းထဲမှာ ပုဇွန်တွေကို အခွံချွတ်၊ ကျောခွဲတဲ့ အလုပ်ပါ။ အအေးခန်းကြီးထဲမှာ တနေကုန် မတ်တပ်ရပ်ပြီး လုပ်ရတဲ့ ဒီအလုပ်ကို ဝေဝေ သဘောမကျပါဘူး။ 
      “ဖြစ်နိုင်မယ်ဆိုရင် ညီမ ဒီအလုပ်ကို မလုပ်ချင်ဘူး။ ဒီအလုပ်က အအေးခန်းကြီးတွေထဲမှာ မနက်(၈)နာရီ ကနေ ညနေ(၈)နာရီအထိ တနေကုန် မတ်တပ်ရပြီး လုပ်ရတာ။ ပင်လည်း အရမ်းပင်ပမ်းတယ်။ အေးလည်း အရမ်း အေးတော့ ကျန်းမာရေးလည်း ထိခိုက်နိုင်တယ်”လို့ ဝေဝေ က ပြောပါတယ်။ 
      သူတို့အလုပ်က ကျန်းမာရေးမကောင်းလို့ ခွင့်ယူရင်လည်း (၂)ရက်ထက်ပိုပြီး မရပါဘူး။ ခွင့် ၃-၄ရက် ပျက်လို့ အလုပ်ထုတ်ခံရတဲ့ မြန်မာအလုပ်သမားတွေလည်း ငါးပုဇွန်စက်ရုံတွေမှာ အများကြီးရှိပါတယ်။ အလုပ် လုပ်ဖို့လာကြ၊ အလုပ်လုပ်မှ ပိုက်ဆံရမယ်။ ပိုက်ဆံရမှ အလုပ်သမားလက်မှတ်ခ၊ အခန်းဌားခ၊ စားဖို့သောက်ဖို့၊ မိသားစုကိုထောက်ပံ့ဖို့ အဆင်ပြေမယ်ဆိုတာကို သိနေကြတဲ့ မြန်မာအလုပ်သမားတွေကလည်း အကြောင်းမဲ့ အလုပ် မပျက်ချင်ကြပါဘူး။ ဒါပေမယ့် တကယ် ကျန်းမာရေးမကောင်းတဲ့ အခါမျိုးမှာတော့ လုံလောက်တဲ့ ခွင့်ရက်ကို သူတို့ ရချင်ကြပါတယ်။ 
      ဝေဝေကတော့ ဒီအလုပ်ကို သူ (၃)နှစ်လောက်ပဲ လုပ်မယ်။ ပြီးရင် ဘန်ကောက်တက်ပြီး အဆင်ပြေမယ့် အလုပ် တခုကို ရှာလုပ်ဖို့ စိတ်ကူးတယ်လို့ ဆိုပါတယ်။ 
      ဝေဝေလိုပဲ ငါးပုဇွန်စက်ရုံတွေထဲက အအေးခန်းကြီးတွေထဲမှာ မလုပ်ချင်ပဲ လုပ်နေကြသူတွေ၊ အချိန်တိုပဲ လုပ်မယ်၊ အလုပ်သစ် ရှာမယ်လိုပြောပြီး ငါးပုဇွန်စက်ရုံတွေ တရုံပြီးတရုံပြောင်း လုပ်နေကြသူတွေ ရနောင်းမြို့မှာ အများကြီးပါ။ တချို့ လည်း ဒီအလုပ်ကို မလုပ်တော့ဘူးဆိုပြီး မြန်မာပြည်ပြန်သွားပြီးမှ အခက်အခဲအမျိုးမျိုးကြောင့် ငါးပုဇွန်စက်ရုံတွေထဲ ပြန်ရောက်လာကြသူတွေ အများကြီးရှိနေပါတယ်။          
(အမေရိကန်က ရေဒီယိုဖရီးအေးရှား - မြန်မာပိုင်းအစီအစဉ်က ပြန်လည်ကူးယူ တင်ဆက်သည်)

Comments