Khaing Mar Kyaw Zaw - Burmese Lives at the Borders - 7

နယ်စပ်လမ်းက ဝမ်းတထွာ - ၇
ခိုင်မာကျော်ဇော
ဒီဇင်ဘာ ၁၄၊ ၂၀၀၉
ထိုင်းနိုင်ငံ ရနောင်းမြို့ဟာ မြန်မာနိုင်ငံ တောင်ဘက်စွန်းက ကော့သောင်းမြို့ရဲ့ တဖက်ကမ်းမှာရှိပြီး ငါး၊ ပုဇွန် လုပ်ငန်းနဲ့ စည်ကားတဲ့ မြို့တမြို့ပါ။ ရနောင်းမြို့က ငါးဖမ်းလုပ်ငန်းနဲ့ ငါးပုဇွန်ရောင်းဝယ်ရေး လုပ်ငန်းတွေမှာ ပင်ပန်းကြမ်းတမ်းတဲ့ အလုပ် တွေကို လုပ်ကိုင်နေကြတာက မြန်မာနိုင်ငံသား အလုပ်သမားတွေဖြစ်ပါတယ်။
ထိုင်းလူမျိုးတွေပိုင်တဲ့ ငါးဖမ်းသင်္ဘောတွေ၊ ငါးဖမ်းစက်လှေတွေ နောက်ကိုလိုက်ပြီး ပင်လယ်ထဲ ငါးရှာထွက်တဲ့အလုပ်ကို အများဆုံး လုပ်ကိုင်နေကြတာက ကော့သောင်း၊ ရေး၊ ဘိတ်၊ ထားဝယ်၊ မော်လမြိုင်၊ မုတ္တမနဲ့ ရခိုင်ပြည်နယ်ဘက်ကလာတဲ့ ရေလုပ် သားတွေဖြစ်ပါတယ်။ ရနောင်းမြို့ကို ခိုးလှေတွေနဲ့ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေဟာ ရနောင်းမြို့ဆိပ်ကမ်းမှာ ကြာ ကြာမနေရဲ ကြပါဘူး။ ဒီ့အတွက် ထိုင်းငါးဖမ်းလုပ်ငန်းရှင်တွေ ပေးတဲ့ဈေးနဲ့ ငါးဖမ်းထွက်မယ့် စက်လှေတွေ၊ သင်္ဘောတွေနောက်ကို လိုက်ကြရတာများပါတယ်။ 
ငါးဖမ်းကိရိယာတွေ၊ စားနပ်ရိက္ခာတွေ အစုံအလင်တင်ပြီး ငါးဖမ်းထွက်တဲ့ သင်္ဘောတွေ၊ စက်လှေကြီးတွေဟာ ပင်လယ်ထဲ မှာ လနဲ့ချီပြီး ကြာတတ်ပါတယ်။ တချို့ တစ်လနှစ်လ၊ တချို့ကတော့ ရာသီဥတုအခြေအနေ၊ ငါးရ၊ မရ အပေါ်တည်မှီပြီး ၄-၅ လ ကြာတတ်ပါတယ်။ ပင်လယ်ထဲမှာ ဘယ်လောက်ပဲကြာကြာ မြန်မာအလုပ်သမားတွေရဲ့ လုပ်အားခကတော့ ထိုင်းလုပ်ငန်းရှင်တွေ ဈေးဖြတ်ထားတဲ့ အဖိုးအခထက် ပိုမရကြပါဘူး။
သူတို့ဟာ ကမ်းမမြင်လမ်းမမြင် ပင်လယ်ထဲမှာ ငါးရှာ၊ ငါးဖမ်း၊ ရလာတဲ့ ငါးတွေကို မပုတ်မသိုးအောင် သိုလှောင်၊ သိမ်း ဆည်းတဲ့ အလုပ်တွေကို လှိုင်းကြီိး လေထန်ကြားမှာ သက်စွန့်ဆံဖျား လုပ်ကြရတာပါ။ တခါတခါမှာလည်း ထိုင်းလှေသူကြီးတွေ၊ လှေထိုးသားတွေရဲ့ အနိုင်ကျင့်ဗိုလ်ကျတာကိုလည်း ခံကြရပါတယ်။ ပင်လယ်ပြင်မှာ ငါးဖမ်းရတဲ့အလုပ်ဟာ ပင်ပမ်းကြမ်းတမ်းသလို လူမျိုးမတူတဲ့ ထိုင်းအလုပ်ရှင်တွေရဲ့ လက်အောက်မှာ လုပ်ကိုင်ရတာဟာ အသက်အန္တရာယ်သိပ်ကြီးတယ်လို့ ထားဝယ် ငါးဖမ်း သမား ကိုလှသောင်းက ပြောပါတယ်။
“ပင်လယ်ထဲ ငါးဖမ်းရတာဟာ အသက်ကို ပင်လယ်ထဲမှာ အပေါင်ပေးထားရတာ။ အလုပ်ရှင်တွေ လှေသူကြီးတွေက ကိုယ့်လူမျိုးမဟုတ်တော့ ပိုပြီးသတိထားရတယ်။  အလုပ်သမားတယောက်ကို ကြည့်မရလို့၊၊  မကြေနပ်လို့၊ ပင်လယ်ထဲမှာ သတ်ပစ် တာဟာ ငါးတကောင်ကို ဒုတ်ချောင်းနဲ့ ရိုက်တာလောက်တောင် သူတို့အတွက် မခက်ဘူး။ ဒီလူတွေ နောက်လိုက်ရတဲ့ ကျနော်တို့ မြန်မာတွေအတွက် အန္တရယ်ကသိပ်ကြီးတယ်”လို့ ကိုလှသောင်းက ပြောပါတယ်။ 
ဘဝတူ အလုပ်သမားအချင်းချင်း လူမျိုးမခွဲပဲ တစိတ်ထဲတဝမ်းထဲရှိကြတဲ့ ထိုင်းငါးဖမ်းသမားတွေရှိသလို မြန်မာတွေကို အထင်သေး၊ မုန်းတီးနေတဲ့ လှေသူကြီးတွေ၊ လှေထိုးသားတွေကြောင့် ပင်လယ်ပြင်မှာ အစာရေစာ ဝဝလင်လင် မစားရပဲ အလုပ်မှန် သမျှကုန်းလုပ်နေရ၊ အရိုက်အနှက်ခံရ၊ နောက်ဆုံးပင်လယ်ထဲတွန်းချခံခဲ့ရတဲ့ မြန်မာလှေထိုးသားတွေလည်း ရနောင်း- ကော့သောင်း ပင်လယ်မှာ အများကြီးရှိတယ်လို့ ကိုလှသောင်းက ပြောပါတယ်။
ကိုလှသောင်းနဲ့အတူ ရနောင်းမြို့က ထိုင်းငါးဖမ်းသင်္ဘောတစင်းမှာ ထမင်းချက်၊ ငါးရွေး၊ ငါးခွဲ၊ ရေခဲရိုက်အလုပ်တွေကို လုပ်ကိုင်နေတဲ့ အသက်(၁၇)နှစ်အရွယ် မောင်ပေစိရဲ့ အဖေဟာ ကိုလှသောင်းနဲ့ တရွာထဲသား လှေထိုးသားတွေပါ။ မောင်ပေစိရဲ့ အဖေ ကိုမြကြီးဟာ ထိုင်းလှေသူကြီးတဦးရဲ့ လူမျိုးရေးမုန်းတီးစိတ်နဲ့ ပင်လယ်ပြင်မှာ အသတ်ခံခဲ့ရသူပါ။ ဒီအမှုကို ထိုင်းငါးဖမ်း သူဌေးက မောင်ပေစိတို့ မိသားစုကို ဘတ်ငွေ(၅)သောင်းပေးပြီး ကျေအေးစေခဲ့တာကိုလည်း ကိုလှသောင်း ကောင်းကောင်းမှတ် မိနေပါတယ်။
လှေသူကြီးနဲ့ လှေထိုးသားတွေ တက်ညီလက်ညီနဲ့ လက်ရေတပြင်တည်းရှိကြရင် ပင်လယ်ထဲမှာ ငါးရှာရတာဟာ ပျော် စရာကောင်းတဲ့ အလုပ်တခုပါလို့ ငါးရှာငါးဖမ်းတဲ့အလုပ်ကို နှစ်ပေါင်း ၄ဝ နီးပါးလုပ်လာတဲ့ ဘိတ်သားကြီး ဦးကျင်ဖေက  ပြောပါ တယ်။ ဦးကျင်ဖေဟာ ကလေးဘဝအရွယ်ထဲက လှေတစင်းနဲ့ ငါးရှာတဲ့အလုပ်ကို ဝါသနာထုံခဲ့သူပါ။ အရွယ်ရောက်လို့ အိမ်ထောင် ကျပြီး သားသမီးတွေရလာတော့လည်း ငါးရှာတဲ့အလုပ်နဲ့ပဲ ဦးကျင်ဖေ အသက်မွေး ဝမ်းကြောင်းခဲ့ပါတယ်။ ကော့သောင်းမြို့က မြန်မာ့ငါးဖမ်းလုပ်ငန်းမှာလည်း (၅)နှစ်ကျော်ကြာ ဦးကျင်ဖေ အလုပ်လုပ်ခဲ့ဖူးပါတယ်။
အခုတော့  ရနောင်းမြို့က ထိုင်းသူဌေးတဦးပိုင်တဲ့ ငါးဖမ်းသင်္ဘောပေါ်မှာ ငါးဖမ်းသမား လှေလိုက်သားတွေကို ကြီးကြပ်ရတဲ့ လှေသူကြီးအလုပ်ကို သူလုပ်နေပါတယ်။ ဦးကျင်ဖေရဲ့ အသက်ဟာ (၆၅)နှစ်ရှိပါပြီ။ ဦးကျင်ဖေရဲ့ ဘဝမှာ မိသားစုနဲ့ ကုန်းပေါ်မှာ နေရတာထက်  ပင်လယ်ထဲ ငါးဖမ်းထွက်ခဲ့ရတဲ့ ရက်တွေက ပိုများနေပါတယ်။
ရနောင်း-ကော့သောင်း ပင်လယ်ပြင်မှာ ငါးဖမ်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းနေရတဲ့ စစ်တွေနယ်သား ကိုရခိုင်ကြီး နဲ့ ရေလုပ်သားတွေရဲ့ ဘဝတွေကလည်း  ဦးကျင်ဖေထက် ပိုလို့ ဆိုးနေပါသေးတယ်။ သူတို့မှာ ပင်လယ်ထဲ ငါးဖမ်းထွက်ရတာက ၃-၄လ၊ ငါးဖမ်းလှေတွေ ကမ်းကပ်လို့ မိသားစုနဲ့ နေခွင့်ရတာက တပတ်၊ ဆယ်ရက်။ ကမ်းကပ်ချိန်မှာ ရနောင်းရဲက အလုပ်သမား လက်မှတ်စစ်တော့ လက်မှတ်မရှိလို့ ရနောင်းဆိပ်ကမ်းမှာ မနေရဲပဲ လှေတစင်းနဲ့ ပင်လယ်ထဲမျောနေရတာ ၃-၄ ရက် လို့  ကိုရခိုင် ကြီးနဲ့ ငါးဖမ်းလုပ်သားတွေက ပြောကြပါတယ်။
လှေထိုးသား၊ ငါးဖမ်းသမားတွေဟာ ပင်လယ်ထဲမှာ အနေကြာသူတွေမို့ ငွေကုန်များတဲ့ အလုပ်သမားလက်မှတ်ကို မလုပ် ကြပါဘူး။ ဒီအကြောင်းကို ကောင်းကောင်းသိနေတဲ့ ရနောင်းရဲကလည်း ရနောင်းဆိပ်ကမ်းကို ငါးဖမ်းလှေတွေ၊ သင်္ဘောတွေကပ်တာ နဲ့ မြန်မာတွေကို အလုပ်သမားလက်မှတ်စစ်ပြီး ငွေညှစ်ပါတော့တယ်။ မြန်မာငါးဖမ်းသမားတွေကလည်း အသက်နဲ့ရင်းပြီး ပင်ပင် ပန်းပန်းရှာလို့ရတဲ့ သူတို့လုပ်အားခကို ရဲလက်ထက် အပါမခံချင်ကြတော့ ပင်လယ်ထဲပဲ ပြန်ပြေးကြရတယ်လို့ ကိုရခိုင်ကြီးက ပြော ပါတယ်။ 
သူတို့တွေဟာ ရနောင်းနဲ့ နာရီဝက်ကျော်ကြာ စက်လှေစီးရတဲ့ ကော့သောင်းဘက်ကမ်းကိုလည်း ပြန်မသွားချင်ကြပါဘူး။ ကော့သောင်းပြန်သွားရင် ကော့သောင်းရဲက သူတို့ကို အကြောင်းအမျိုးမျိုးနဲ့ ငွေညှစ်မယ်။ ရုံးရောက် ဂတ်ရောက်ပြီး နောက်ဆုံး ဆုံးတော့  ခိုးလှေတွေနဲ့  သူတို့ ရနောင်းကို ပြန်ကူးလာကြရဦးမယ်။ ဒါတွေဟာ သူတို့အကြိမ်ကြိမ် ကြုံးဖူးခဲ့တဲ့ အတွေ့အကြုံတွေပါ။
ကော့သောင်း-ရနောင်း ပင်လယ်ပြင်မှာ ငါးဖမ်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းကြရတဲ့ မြန်မာပြည်သူပြည်သားတွေရဲ့ ဘဝဟာ ဟိုဘက်ကမ်း၊ ဒီဘက်ကမ်း ဘယ်ကမ်းမှ ကပ်လို့မရတဲ့ လှိုင်းပုတ်တဲ့ ဗေဒါတွေလို ဖြစ်နေပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံသား ငါးဖမ်းလုပ်သားတွေကတော့ အပြောကျယ်တဲ့ ပင်လယ်ပင်ကြီးထဲမှာ သမုဒ္ဒရာဝမ်းတထွာအတွက် ရုန်းကန်ကူးခတ် နေကြဦးမှာပါ။
(အမေရိကန် - ရေဒီယိုဖရီးအေးရှား မြန်မာပိုင်းအစီအစဉ်မှာ အပတ်စဉ်ထုတ်လွှင့်ခဲ့သည်ကို ပြန်လည်ကူးယူ တင်ဆက်ပါတယ်)

Comments