မိုးမခအထောက်တော်၊ ရန်ကုန်
ဒီဇင်ဘာ ၂၃၊ ၂၀၀၉
နိုင်ငံတကာမှာ မိုဘိုင်းဖုန်းဆင်းကဒ် တကဒ်ကို ၂ဒေါ်လာမှ ၁၀ ဒေါ်လာအထိ ၀န်းကျင်သာရှိသော်လည်း မြန်မာနိုင်ငံမှာတော့ ၁၅သိန်း၊ သိန်း ၂၀အထိရှိခဲ့ပါတယ်။ အဲဒီလို ဆယ်စုနှစ်တခုကျော် ဖြစ်နေရာကနေ ၂၀၀၉ နှစ်ဆန်းမှာ တလသက်တမ်းခံပြီး တမိနစ် ပြောခ ကျပ်သုံးရာ ကျသင့်တဲ့ တခါသုံး ဆင်း SIM ကဒ်တွေမိတ်ဆက်ခဲ့ပါတယ်။ ၁၀ အက်ဖ်အီးစီတန် ကဒ် တကဒ်ကို အနိမ့်ဆုံး ကျပ်တသောင်းကျော် ၀န်းကျင်နဲ့ရတာမို့လို့ မိုဘိုင်းဖုန်းကို မကိုင်နိုင်ခဲ့သူတွေ သက်တမ်း ကြာရှည်မခံပေမယ့်လည်း ခဏတော့ဝယ်ကိုင်လိုက်ဦးမယ် ဆိုပြီးအလုအယက် ၀ယ်ခဲ့ကြပါတယ်။
ခဏတဖြုတ် ကိစ္စရှိလို့ ၀ယ်ကိုင်သူတွေ၊ တဖက်မှ ခေါ်လာတာကို လက်ခံရုံလက်ခံပြီး ကိုယ်ခေါ်လိုတဲ့ သူကိုခဏလှမ်းခေါ်ပြီး ပြန်ချထားကာ (missed call) ပေးတဲ့နည်းနဲ့ ဆက်သွယ်ပြီး တလသက်တမ်းခံအောင် မနည်းသုံးကြရပါတယ်။ တဖက်မှ ခေါ်တာလက်ခံရင် တမိနစ် ၀.၅ အက်ဖ်အီးစီ ကျသင့်ပြီး အက်စ်အမ်အက်စ် မက်ဆေ့ခ်ျ တစောင်ပို့ရင်လည်း ၀.၅ အက်ဖ်အီးစီ ကျသင့်တာ ဖြစ်ပါတယ်။
ဖုန်းအပြောနည်းတဲ့ မိုဘိုင်းဖုန်းငှားကိုင်သူတွေ အနေနဲ့ဆိုရင် တလကို ကျပ်၎သောင်း၊ ၄သောင်းခွဲ ပေးရပြီး နံပါတ်သေကို ကိုင်တာထက် ယခုကဒ်ကိုချွှေချွေတာတာ သုံးရင် တလမှ ၂သောင်းခွဲ ၀န်းကျင်ပဲကျသင့်တယ် ဆိုပြီး ကိုင်သူတွေလည်း ရှိပါတယ်။
သူများနိုင်ငံတွေမှာတော့ မိုဘိုင်းဖုန်းကဒ် တကဒ်ကို ၂ဒေါ်လာလောက်နဲ့ ၀ယ်ယူနိုင်ပြီး တမိနစ်ကို ၃၀ကျပ်နဲ့ ပြောဆိုနိုင်နေပေမယ့် မြန်မာပြည်အတွက် အဲဒီစံချိန်စံညွှန်းတွေက အလှမ်းကွာနေဦးမယ့် သဘောရှိပါတယ်။
မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းဆိုတာကို လူနေမှု အဆင့်အတန်းရဲ့ ပြယုဂ် တခုအဖြစ် မဟုတ်တော့သော်လည်း အလုပ်လုပ်သူတိုင်း မသုံးစွဲနိုင်သေးပါဘူး။ သို့ပေမယ့် တခါလောက်တော့ မိုဘိုင်းဖုန်းကိုင်ဖူးချင်တယ် ဆိုရင် ကျပ် ၁သောင်း ၂သောင်းကျော်နဲ့ ၀ယ်ကိုင်ကြတာလည်း ရှိပါတယ်။ အခြားတဘက်မှာ တခါသုံးကဒ်တွေကို လုံခြုံရေးအကြောင်းကြောင့် နံပါတ်သေ၊ လိပ်စာအသေနဲ့ မကိုင်ဆောင်လိုသူများ အတွက်လည်း အဆင်ပြေပါတယ်။ ငွေ၂သောင်းကျော်ဖိုးသုံးပြီး တခါသုံးဖုန်းကဒ်ကိုသုံးပြီး အမြင်ကပ်တဲ့ ရဲတွေ နအဖ အာဏာပိုင်တွေကို ဆဲလို့ဆိုပြီး ဖုန်းကဒ်တဆင့်ခံ ပြန်ရောင်းတဲ့ဆိုင်တွေကိုပါ ၀ယ်ယူသူမှတ်ပုံတင်နံပါတ် တောင်းထားဖို့ညွှန်ကြား ထားပါသေးတယ်။ သီတင်းပတ် ၂၊ ၃ပတ်ကြာ အလုပ်ကိစ္စနဲ့ လာရောက်တဲ့ နိုင်ငံခြားသားများလည်း ၀ယ်ယူသုံးကြပါတယ်။
ဒါကြောင့် တခါသုံး ဆင်းကဒ်တွေကို ၂၀၀၉ ခုနှစ်မှာ ထူးခြားတဲ့ ဆက်သွယ်ရေး ၀န်ဆောင်မှုအဖြစ် ရွေးချယ်လိုက်ပါတယ်။
Comments