The Making of Tuesday Prayers Group - Poem


အင်္ဂါမိသားစု၏ သမိုင်းမှတ်တိုင်
သူရဇ္ဈာန်
ဒီဇင်ဘာ ၂၁၊ ၂၀၀၉

ကြက်ခေါင်းဆိတ်မခံ
ဆတ်ဆတ်ထိ မခံ
မမှန်ရင် ငုံ့မခံ
မှန်ရင်တော့ သည်းခံ
သိဉာဏ်ဟိတ် တော်လှန်စိတ်နဲ့
ပဋိကပက္ခ အရိပ်ကို
ခွဲစိတ်ပြုပြင်ရေး တပ်ဦးဆီသယ်ဆောင်သွား။

စွန့်လွှတ်ခြင်း ရဲရင့်ခြင်း
အနစ်နာခံခြင်း ရုပ်ဝတ္ထုတွေ
အမြုတေ သန္ဓေသားအဖြစ်က
အချိန်ဇယား ရွေ့လျားခြင်းနှင့်အတူ
တနေ့တခြား ရင့်ကျက်လာခဲ့။

ပျက်စီးကြောင်း ရလာဒ်တွေ
စိုးရိမ်ထိတ်လန့်မှု သောကတွေ
လောဘ ဒေါသ မာန်မာနတွေ
လောကမြေမှာ မွှေနှောက်လို့
ဖြေပျောက်ဖို့ ကုစားရင်း
မုသားပျက်ယွင်းခဲ့ အချိန်မှာ
အလိမ်ညာ ကျိန်စာမိရင်း နစ်မျော။

ရင်းနှီးမှု အနတ္တ
ပေးဆပ်ခြင်း အနဂ္ဂ
တသက်မက ဆယ်သက်ဖြစ်စေ
နွယ်မြက်မြစ် ဝေသလို
တွယ်လျက်သစ် စေရမယ်
အမြစ်မြေက ဆိုတာ
“မူလ ဘူတ သဘာဝ နိယာမတရား”။

အမှန်တရား ရင်ဝယ်ပိုက်ရင်း
ကျဉ်တွယ်ကိုက် ဒေါင့်မှန်လို
ဖြောင့်ဆိုရန် တောင့်ခံပိုမှ
အလိုကျ သမိုင်းသစ်တခု
နှိုင်းရစ်ခုကပင် မှတ်ကျောက်တင်။

ဘ၀အိမ် အလှချိန်တွေ
ခဏမှိန် နရသိန်ဗွေမှာ
စပလိန်ခွေလို တင်းခံရင်း
တွန်းကန်ခြင်း သီအိုရီ
လွန်းဆံသွင်း ချည်လိုညီရမယ်
ထီဆို ထီမထင်တဲ့ သူရဲကောင်းများ။

လွတ်မြောက်ရာ ရွေးလမ်းတခု
အပြေးလှမ်းစုရင်း စုဖွဲ့
ပြုခဲ့တဲ့ ဆုကြိမ်ပေါင်း
ခု နှိမ်တောင်း (၂၈၂)
ပယ်ခွာမပစ်ရက်လို့
အင်္ဂါအသစ် ဆက်ဆက်ပြီး
မပျက်မကွက် ဆင်နွှဲ
သွင်မကွဲ ရပ်ဆွေအစုံ
မြတ်ရွှေဂုံ ခြေတော်ရင်း
နေကျော်နင်း မိုး နှင်း ကြား
တိုးရင်းသွား လူလည်း မပြောင်း
တူနွှဲကြောင်း သူရဲကောင်းတို့ လွတ်မြောက်ရေး အတွက်။  

(အင်န်အယ်ဒီပါတီဝင်များနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတို့ရဲ့ အင်္ဂါဆုတောင်းအဖွဲ့ကို ဂုဏ်ပြုတဲ့ကဗျာ ဖြစ်ပါတယ်။ ပြည်တွင်းက စာစောင်တခုကနေ ပြန်လည် တင်ဆက်ပါတယ်။ ယခုအချိန်မှာ - အင်္ဂါဆုတောင်းအဖွဲ့က မနော်အုံးလှ၊ မမြင့်မြင့်စမ်း၊ မချိုချိုလွင်နဲ့ မချို တို့ကို နိုဝင်ဘာ ၃၊ ၂၀၀၉ တောင်ဒဂုံမြို့နယ်မှာ ဘုန်းကြီးဆွမ်းကပ်လို့ ဆိုပြီး စစ်အစိုးရက ဖမ်းဆီးပြီး တရားစွဲဆိုထားပါတယ်။ သူတို့ အင်္ဂါဆုတောင်းအဖွဲ့က တောင်းတဲ့ဆုကတော့ မြန်မာပြည်က နိုင်ငံရေးအကျဉ်းသားတွေနဲ့တကွ ဒေါ်အောင်ဆန်းစုကြည်တို့ လွတ်မြောက်ဖို့ပါ။ ကဗျာထဲက ဆိုရင်တော့ အကြိမ်ပေါင်း ၂၈၂ ကြိမ် ရှိခဲ့ပြီ)
photo - Internet



Comments