ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် အမှတ် ၃ဝဝ

ဖြေနိုင်ပေါင် အဆက်
မာမာအေး
ဒီဇင်ဘာ ၂၉၊ ၂ဝဝ၉
မာမာအေး
ဒီဇင်ဘာ ၂၉၊ ၂ဝဝ၉

သောတရှင်များ ကျန်းမာတော်မူကြပါစ ရှင်၊
မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတ ဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
သောတရှင်တို့ရေ - ဒီနေ့တော့ ဘာမှ မပြောခင် နားဆင်နေကြတဲ့ ချစ်သော မြန်မာပြည်သူ ပြည်သားများကို ကျေးဇူးအများကြီး တင်ပါတယ်လို့ နှုတ်ဆက်စကား ဆိုပါရစေ။ မာအေးက ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြောလာခဲ့တာ ဒီနေ့ အကြိမ်ပေါင်း ၃ဝဝ ကြီးများတောင် ပြည့်ပြီရှင့်။ အဲဒါကို မညည်းမငြူ နားထောင် အားပေးနေကြတာမို့လို့ ကျေးဇူးတင်တာပါနော်။ ကဲ - ဆက်လိုက်ကြဦးစို့ရဲ့။
ပြီးခဲ့တဲ့ ကြာသပတေးနေ့က လှိုင်ထိပ်ခေါင်တင် ရေးတဲ့ ‘ဖြေနိုင်ပေါင်’ ပတ်ပျိုး အကြောင်း ပြောရင်း တပိုဒ်စီ ကောက်နှုတ် ဆိုပြ ရှင်းပြတုန်း အချိန်က ကုန်သွားပြန်တော့ နားထောင်ရတာ ဆန့်တငံ့ငံ့ ဖြစ်ကြမှာပဲလို့။ အားနာပါတယ်ရှင်။ ကိုယ်ချင်းလည်း စာမိပါတယ်။ တကယ်ပါ။ ဟိုနေ့က အထွက်ပိုဒ်ကလေး ဆိုပြီးလို့ တပိုဒ်ကျော်ချပြီး အပိုဒ် ၃ ကို ခုန်ကျော် ဆိုလိုက်တာတောင်မှ တပိုဒ် ဆုံးမသွားတော့ မရအရ ကြိုးစားရှာဖွေထားရတာအတွက် အမောတောင် မပြေဘူးကိုရှင့်။ အင်း - ကိုယ်ပြန်ရောက်မှ အပြည့် ဆိုပြသေးတာပေါ့။ ကျန်သွားတဲ့ စာရဲ့ အဓိပ္ပာယ်မှာ ဘယ်အငြှိုးနဲ့ ဖန်လို့ မုန်းရပြန်တာလဲ၊ ချုန်းရ ရွာရတာလဲ လို့ ‘လှိုင်’ က ရေးရှာတယ်။ ခု အပိုဒ် ၄ ကို နားဆင်ပေးပါရှင်။
xxx မိုးရော လေပါ၊ သေလာ မြေပြင်စောင်းမျှလေး ရှစ်တိုင်းဝန်းအုံ၊ ရှစ်တိုင်း ဝန်းအုံ၊ သုန်သုန်လေပြေ လောင်းပါလို့လေး xxx
ဒီသီချင်းပိုဒ်ကတော့ ကိန္နရီ ကိန္နရာ မောင်နှံတို့ ကွဲရဖို့ ဖန်လာတဲ့ မိုးရောလေပါ မြေအလွှာစောင်းတော့မတတ် တိုက်ခတ်ခဲ့တာ အရပ်ရှစ်မျက်နှာဆီ ကပါတဲ့ရှင်၊ စကားပြေ အလား ရေးထားတဲ့ တေးသွားမျိုးပါပဲ။
‘ဖြေနိုင်ပေါင်’ ကို ဝိဇယကာရီ ဇာတ်ထွက် ကိန္နရာချောင်းခြား ပတ်ပျိုးလို့ မဟာဂီတ တချို့ စာအုပ်တွေမှာ ခေါင်းစဉ် ပေးထားတာကိုလည်း တွေ့ရပါတယ်။ အဲဒီ ဝိဇယကာရီ နန်းတွင်းဇာတ်တော်ကို လှိုင်ထိပ်ထား အပျိုဘဝမှာကတည်းက ရေးခဲ့တာတဲ့ ရှင်။ ‘ဣန္ဒာဝံသ’ ဇာတ်တော်ကြီးလို ပုံနှိပ်စက်တင် စာအုပ်စင် မရောက်လာတော့ ဘယ်လိုဓာတ်မျိုး ခင်းထားလဲ ပြောမပြတ်တတ်ဘူးပေါ့နော်။ ‘ဖြေနိုင်ပေါင်’ကို ဝိဇယကာရီဇာတ်မှာ အသုံးပြုဖို့ ရေးတာ ဆိုလို့ ဒီသီချင်းထဲက အဓိပ္ပာယ်တွေနဲ့ ခြုံငုံပြီး ပြောရရင် အလွမ်းဓာတ်ဖြစ်မယ်။ ကိန္နရီ ကိန္နရာတို့ရဲ့ ချောင်းရေခြားတုန်းက ခံစားရတာမျိုး ပြန်ပြောပြတဲ့ အခန်းတွေများ ပါလေမလား အတွေးများစွာ ထင်ဟပ်လာပါတယ်။ သီချင်းလေး ဆက်နားထောင်ရင်း စဉ်းစား၊ မာအေးအတွေးနဲ့ တူပါသလား။
xxx တောပေါင်းငယ်တည့်ကာ စံရာမြင့် သီလာနန်း (ချောင်းရေယဉ်လျှမ်းပါလို့ လမ်းမသိပါပြီ)၃ xxx (လေးပါးသခင်)၂ xxx မြင်တော်လာဘူးငယ်လေး၊ ဦးတင်လို့ချီ xxx
xxx ရွေဝန်းရံညီ xxx ကိန္နရီဖော်လည်း ကွဲခဲ့ပြီလေး xxx
xxx (သည်ပူဝန်ရေးငယ်နှင့်)၂ မအေးတဲ့ပါပြီ၊ မူးချိန်မှီxxx
အခု မာအေးဆိုပြခဲ့တာ သီချင်းအပိုဒ် ၅၊ ၆ နဲ့ ၇ ဖြစ်ပါတယ်။ သီချင်းအကြောင်း အဓိက ဖော်ပြ စပ်ဆိုထားတဲ့နေရာတွေပေါ့ရှင်။ မာအေးကတော့ အပိုဒ် ၅ နဲ့ ၆ အကူး အဆက်ကလေးမှာ ဂီတသံကပါ စာနဲ့ လိုက်ဖက်စွာ ပြောင်းနွဲ့လှိုက်မော၊ ကိန္နရာ ကိန္နရီတို့ဆီ စီးမျောပါသွားတယ် လို့ ဆိုချင်တော့တာပါပဲ။ “ရွေဝန်းရံညီ ကိန္နရီဖော်လည်း ကွဲခဲ့ပြီလေး” ဆိုတဲ့ နေရာမှာပေါ့။

[ မူရင်း - BBC အသံလွှင့်ဌာန၊ မြန်မာပိုင်း အစီအစဉ် www.bbcburmese.com]
Comments