Maung Swan Yi - Village of Snow Men


နှင်းလူတို့ရွာ
မောင်စွမ်းရည်
ဒီဇင်ဘာ ၁၆၊ ၂၀၀၉
မနေ့ညက၊ နှင်းတွေကျလို့
မနက်ထတော့၊ လမ်းမတလျှောက်
ဖွေးဖွေးတောက်။
အိမ်ရှေ့ အိမ်နောက်၊ မြေကြီးပျောက်၊
ပန်းပင်ချုံပုတ်၊ နှင်းတွေအုပ်လို့
နှင်းချုံပုတ်တွေ ပေါက်။
နေ့လည်ရောက်တော့၊ အိမ်နောက်ဖေးက
ကလေးကစားကွင်း၊ နှင်းလူကလေးများ
မွေးဖွားပေါ်ပေါက်၊ မှိုလိုပေါက်။

တချို့ကမဲ့၊ တချို့ကပြုံး
မမဲ့မပြုံး၊ မျက်လုံးပါးစပ်
တပ်ရအုံးမှာ။
တချို့နှင်းလူ၊ နေမပူအောင်၊ ထီးလေးဆောင်လို့။
တချို့လူမှာ၊ ဦးထုပ်လဲပါ၊ လည်စည်းပုဝါနဲ့
ချမ်းမှာစိုးလို့။
တချို့ကြံဖန်၊ မျက်မှန်ဒုတ်ကောက်၊ ချက်ချင်းပေါက်လုပ်။
တချို့နှင်းလူ၊ ဆေးတံရှုလိုရှု
ဆေးလိပ်သောက်သူသောက်။
တချို့နှုတ်ခမ်းမွေး၊ ဟိုလူ ဒီလူ ပြောင်းလို့ပေး။
တချို့ဒုတ်ကောက်၊ ဟိုရောက်ဒီရောက်၊
တလှည့်စီထောက်၊
တလှည့်တယောက်၊ ဆေးတံသောက်။
လူဖြူကလေး၊ လူမဲကလေး၊ လူဝါကလေး
ကလေးကမ္ဘာ၊ နှင်းလူရွာ
မေတ္တာ၊ စေတနာ၊ ပြုံးကမ္ဘာ၊ အလည်လာပါ၊ နှင်းလူရွာ
(နိုဝင်ဘာ ၂၅၊ ၂၀၀၉)

Comments