အောက်တိုဘာလက ဖမ်းဆီးခံရသူ လူငယ် ၂၀ ဦးခန့် ပြန်လည်လွတ်မြောက်
မိုးမခအထောက်တော် ၀၀၃
ဒီဇင်ဘာ ၂၊ ၂၀၀၉
ပြီးခဲ့သည့် အောက်တိုဘာလတွင်းက အကြောင်းပြချက်မရှိဘဲ အဖမ်းဆီးခံခဲ့ရသည့် စာနယ်ဇင်းနှင့် စေတနာ့ဝန်ထမ်းနယ်ပယ်က လူငယ်များထဲမှ ဦးရေ ၂၀ ခန့်ကို စစ်အာဏာပိုင်တို့က ပြန်လည် လွှတ်ပေးလိုက်သည်ဟု ဆိုသည်။ မလွှတ်ပေးမီ မိဘများနှင့် အုပ်ထိမ်းသူများအား ပြည်တွင်း ပြည်ပ မီဒီယာများနှင့် ဆက်သွယ်ပြီး ထုတ်ဖော်ပြောကြားခြင်းများ မပြုလုပ်ရန် သတိပေးလိုက်သည်ဟု ဆိုသည်။
ခေတ်ပြိုင် အင်တာနက်စာမျက်နှာအရ သန့်စင်စိုး၊ ပိုင်စိုးဦးနှင့် ၎င်းတို့ တဖွဲ့လုံး ( ၇ ဦး ခန့်) ကို ပြန်လွှတ်ပေးလိုက်သည်ဟု ဆိုသည်။ အခြား လူငယ်များလည်း လွတ်လာကြောင်းကို ရန်ကုန်ရှိ ၎င်းသူငယ်ချင်းများက အတည်ပြုပြောကြားသော်လည်း အမည်များကို ထုတ်ဖော်ရန် ငြင်းဆိုလိုက်သည်။
စစ်အစိုးရက ၂၀၀၉ ခုနှစ်အတွင်း အတိုက်အခံများ၊ စာနယ်ဇင်းသမားများနှင့် လူငယ်များကို ဖမ်ဆီးခြင်း၊ နှိပ်စက်ညှင်းပန်း စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ရာတွင် ပြည်ပရှိ မြန်မာအကြမ်းဖက်လက်နက်ကိုင်များနှင့် ဆက်သွယ်ခြင်း၊ ပြည်ပအဖွဲ့အစည်းများက ငွေကြေးအထောက်အပံ့များ လက်ခံခြင်း၊ ပြည်ပမီဒီယာများနှင့် အဖွဲ့အစည်းများသို့ သတင်း အချက်အလက်များ အပေးအယူလုပ်ခြင်းနှင့် ပြည်တွင်းတွင် ဆူပူလှုံဆော်မှုများ လုပ်ကိုင်ခြင်း စသည့် စွပ်စွဲချက်များကို အကြောင်းပြလေ့ရှိသည်။
Comments