new year thought

သက္ကရာဇ်တစ်ခုကို ကျော်ဖြတ်ခြင်း
ထိန်လင်း
ဒီဇင်ဘာ ၃၁၊ ၂ဝဝ၉

နှစ်ဟောင်းတစ်ခုကနေ နှစ်သစ်တစ်ခုကို ကူးပြောင်းတဲ့အခါ သက္ကရာဇ်တစ်ခုကိုလည်း ကျော်ဖြတ်ကြရတာဖြစ်ပါတယ်။ အဲဒီလို ကျော်ဖြတ်တဲ့အခါ အချိန်ကာလတွေနဲ့အတူ တခြားသောအရာတွေကိုလည်း ကျော်ဖြတ်ကြရတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နှစ်တစ်ခု ကုန်ဆုံးလိုက်ရပြီဆိုတာနဲ့ တခြားသောအရာတွေကိုပါ ကုန်ဆုံးလိုက်ရတဲ့သဘော ရှိနေပါတယ်။

ကျနော်စဉ်းစားလိုက်မိတဲ့အကြောင်းကတော့ အချိန်တွေနဲ့အတူ ဆုံးရှုံးသွားရတဲ့အရာတွေအကြောင်းပါ။ ဒါက အများကြီးပါပဲ။ အဲဒီအထဲမှာ ပထမဆုံး ကျနော်တို့ဆုံးရှုံးလိုက်ရတာက ကျနော်တို့တွေရဲ့ အရွယ်တွေဖြစ်ပါတယ်။ သက္ကရာဇ်တစ်ခုကို ကျော်ဖြတ်လိုက်တာနဲ့ ပြီးခဲ့တဲ့နှစ်အတွင်း ကိုယ်က ဘာတွေပဲ လုပ်ခဲ့လုပ်ခဲ့၊ ကိုယ့်အတွက် အကျိုးဖြစ်ထွန်းမှုတွေ ဘယ်လောက်ပဲရှိရှိ ကျနော်တို့အသက်တွေက ၁ နှစ် အိုမင်းသွားကြပါပြီ။ ငယ်တုန်းမှာ အသက် ၁ နှစ်ကြီးတာက အရွယ်ပိုရောက်လာတယ်လို့ ဆိုလို့ရပေမယ့် အသက်အရွယ် တစုံတရာကြီးရင့်လာတဲ့အခါကျတော့ အိုမင်းလာပြီ၊ ကြီးရင့်လာပြီဆိုတဲ့ အသုံးအနှုန်းကိုပဲ သုံးကြရမှာဖြစ်ပါတယ်။ ဒါကတော့ အသက်အရွယ်နဲ့ပတ်သက်လို့ ဆုံးရှုံးမှုဖြစ်ပါတယ်။

တခြားဆုံးရှုံးရတဲ့အရာတွေကတော့ ကျနော်တို့ရဲ့ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေ၊ ရင်းနှီးမှုတွေ စတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ နှစ်သစ်တစ်ခုကို ရောက်လာပြီဆိုကတည်းက လူတိုင်းဟာ ကိုယ့်ရဲ့ဆန္ဒတွေ၊ မျှော်လင့်ချက်တွေကို ပြည့်ဝစေချင်တယ်၊ ကိုယ်မှန်းသလောက် ပြည့်ဝအောင်မြင်ချင်ကြတာ ဓမ္မတာပါပဲ။ ဒီဆန္ဒတွေ အောင်မြင်ဖို့လည်း အချိန်တွေ၊ လုပ်အားတွေကို ရင်းနှီးမြှုပ်နှံကြတာဖြစ်ပါတယ်။

မျှော်လင့်ကြတဲ့ အရာတွေနဲ့ပတ်သက်လို့ စဉ်းစားမိတာလေးတစ်ခု ရှိပါတယ်။ အဲဒါက စိတ်ထဲမှာ မှန်းထားတဲ့ ‘အတိုင်းအတာ’ပါ။ ကိုယ်မျှော်လင့်တဲ့အရာတွေ အများကြီးရှိပေမယ့် အချိန်ကာလ တစ်ခုခုနဲ့ မှန်းဆပြီး မျှော်လင့်ကြတာတွေ၊ ကာလ အကန့်အသတ်တစ်ခု သတ်မှတ်ပြီး လုပ်ဆောင်ခဲ့ကြတာတွေလည်း ရှိနေပါတယ်။ ဒီနေရာမှာ အချိန်ကာလနဲ့ပတ်သက်လို့ တိုင်းတာလုပ်ဆောင်ကြတဲ့ ဖြစ်ရပ်တွေထဲက သတိရမိတာလေးတချို့ကို စဉ်းစားလိုက်မိပါတယ်။

ပထမဆုံး သတိရမိတာက အင်္ဂလိပ်ရဲ့ ကိုလိုနီအဖြစ်ကနေ မြန်မာပြည်လွတ်လပ်ရေးအတွက် လုပ်ဆောင်ကြတဲ့အချိန်က အကြောင်းအရာကလေးပါ။ အထူးသဖြင့် ၁၉၄၇ ခုနှစ်တုန်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့ တခြားခေါင်းဆောင်တွေက ၁ နှစ်အတွင်း လွတ်လပ်ရေးရအောင် လုပ်မယ်ဆိုတဲ့ ကြွေးကြော်ချက်နဲ့ လုပ်ခဲ့ကြတဲ့ ဖြစ်ရပ်ကလေးပါ။ အင်္ဂလိပ်ကလည်း ၁ နှစ်အတွင်း လွတ်လပ်ရေး ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ ဒီကတိကဝတ်တွေ၊ လုပ်ဆောင်ချက်တွေက ဗိုလ်ချုပ်အောင်ဆန်းတို့ ကွယ်လွန်သွားခဲ့ပေမယ့် မပျက်စီးခဲ့ပါဘူး။



ဒါကြောင့်မို့လို့ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျနော်တို့တိုင်းပြည် လွတ်လပ်ရေး ရခဲ့တာဖြစ်ပါတယ်။ ဒီလိုပဲ ဟောင်ကောင်ကျွန်းဟာလည်း အင်္ဂလိပ်ရဲ့ ကိုလိုနီ ဖြစ်ခဲ့တာပါပဲ။ အင်္ဂလိပ်က နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့ရာက ၁၉၉၇ ခုနှစ်မှာ တရုတ်ပြည်ကို ပြန်လွှဲပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ အဲဒီ ကတိပြုချက်က နှစ်ပေါင်းများစွာကတည်းက ပေးခဲ့တဲ့ ကတိပါ။ ဒါပေမယ့်လည်း သူတို့ပြောခဲ့တဲ့အတိုင်း ၁၉၉၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ ဟောင်ကောင်ကျွန်းကို တရုတ်အစိုးရလက်ထဲ လွှဲပြောင်းပေးခဲ့ပါတယ်။

အထက်က ပြောခဲ့တဲ့ ဥပမာ ၂ ခုမှာ သတ်မှတ်ထားတဲ့အချိန်အတွင်း လွတ်လပ်ရေးရဖို့ မျှော်လင့်ခဲ့ကြတဲ့ သက်ဆိုင်ရာတိုင်းပြည်တွေက ပြည်သူတွေရဲ့ စိတ်ထဲ ဘယ်လိုရှိမယ်လို့ မှန်းဆကြည့်နိုင်ပါတယ်။ အားလုံးက ရည်မှန်းကန့်သတ်ထားတဲ့ အချိန်မှာ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်စေချင်ကြတာပါပဲ။ ဒီကြားထဲမှာ အကြောင်းတခုခုကြောင့် ပျက်စီးခဲ့ရမယ်ဆိုရင် တော်တော် စိတ်ထိခိုက်ရမယ့် အနေအထားပါ။

တော်လှန်ရေးနယ်မြေမှာ ပြောလေ့ရှိတဲ့ ဟာသလိုလို စကားတစ်ခွန်း ရှိပါတယ်၊ “တော်လှန်ရေးမှာ အပေါများဆုံးကတော့ ကတိတွေပဲ” တဲ့။ ကိုယ်ကပေးတဲ့ ကတိရော၊ ကိုယ့်ကို ပေးတဲ့ ကတိရော ဘယ်နေရာမှာ ဘယ်လောက် များနေကြပြီလဲ။ ပေးထားတဲ့ ကတိတွေရော တည်ကြရဲ့လား၊ တည်နိုင်မယ့် ကတိတွေကိုရော ပေးကြတာလား။ တွေးစရာတွေကတော့ တပုံကြီးပါပဲ။ ကိုယ့်အကြောင်းရော တခြားသူတွေ အကြောင်းရောပေါ့။ ဒါဆိုရင် မျှော်လင့်ချက်တွေကရော ..။

ကတိက၀တ်နဲ့ ဆက်စပ်နေတဲ့ မျှော်လင့်ချက်တွေက ကျနော်တို့ဆီမှာ အများကြီး။ ကျနော့်ဆီမှာ များသလို ခင်ဗျားဆီမှာလည်း များမှာပဲ။ ဘယ်လိုမျှော်လင့်ချက်တွေလဲ ဆိုတာကတော့ ကွာဟချက်တွေရော တူညီချက်တွေရော ရှိပါလိမ့်မယ်။ ဒါပေမယ့် ဘယ်လောက်ကို မျှော်လင့်ထားသလဲ၊ ဖြစ်နိုင်တာတွေလား မဖြစ်နိုင်တာတွေလား ဒါမှမဟုတ် ကိုယ့်အနားမှာ ရှိနေတဲ့ အရာတွေလား၊ မရှိသေးတဲ့ အရာတွေလား။

ဒီနေရာမှာ ဆက်တွေးကြည့်မိတာက မျှော်လင့်ချက်အတွက် အင်အားရှိတာနဲ့ မရှိတာရဲ့ ကွာဟချက်တွေပါ။ တိုင်းပြည် ဘယ်တော့ လွတ်လပ်ရေးရမယ်၊ ဘယ်သူဟာ ဘယ်တော့ ဘယ်အခွင့်အရေး ရမယ်လို့ အချိန်ကာလ တခုခုနဲ့ စောင့်စားခွင့် ရကြတဲ့သူတွေက မျှော်မှန်းချက်တခုခုအပေါ်မှာ အားတွေအင်တွေ ပြင်လို့ရနိုင်ပါတယ်။ ဘာမှန်းညာမှန်းမသိ စောင့်ရတဲ့သူတွေအဖို့တော့ ထားရမယ့် မျှော်လင့်ချက်တောင် ကောင်းကောင်း ထားလို့မရနိုင် ဖြစ်ပါလိမ့်မယ်။ ဒီလိုဆိုရင် မျှော်လင့်ချက် ထားချင်ကြသူတွေ၊ မျှော်လင့်ချက် ဆုံးပါးကြသူတွေက ကုန်ဆုံးသွားတဲ့ အချိန်နဲ့အတူ ဘာတွေဆုံးရှုံးကြလေမလဲလို့ တွေးကြည့်စရာပါ။

တကယ်ကျတော့ အချိန်ကာလတစ်ခုကို ကျော်ဖြတ်လိုက်တာနဲ့ ကျန်တဲ့အရာတွေကိုလည်း ကျော်ဖြတ်လိုက်ရတယ် ဆိုတာကို အားလုံးက သတိပြုမိဖို့ လိုပါတယ်။ အထူးသဖြင့် ဒေသတစ်ခု ပတ်ဝန်းကျင်တစ်ခု၊ တူညီတဲ့ အခြေအနေတစ်ခုမှာ ရှိနေကြတဲ့လူတွေဆိုရင် အားလုံးက ကောင်းမှုဆိုးမှုတွေကို အတူတူ ကျော်ဖြတ်လိုက်ရတာ ဆိုတော့ အားလုံးအတွက် အကောင်းဆုံးဖြစ်မယ့် အနေအထားတစ်ခုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြမယ် ဆိုရင်တော့ အကောင်းဆုံးပါပဲ။ ။

ထိန်လင်း
၃၀၊ ၁၂၊ ၂၀၀၉

Comments