Saung Yun La - Heart & Soul Poem

ရင်ဘတ်ကြယ်သီးကို ဦးနှောက်နဲ့ဖြုတ်ကြည့်ခြင်း
ဆောင်းယွန်းလ
ဒီဇင်ဘာ ၁၅၊ ၂၀၀၉

အရိုင်းစိုင်းဆုံး မုန်တိုင်းက
ငါတို့ကမ်းခြေကိုမှ ရွေးပြီး စတည်းချရတယ်လို့….

အရေးကြီးကြီး မကြီးကြီး
သွေးနီးနေမှ လက်ပမ်းမကျနိုင်မယ့်
ပင်လယ်ပြင်ခရီးကို
တနည်းမဟုတ် တနည်းနဲ့တော့ ရောက်အောင်ဖြတ်ရမယ်….

အဖြေတွေကို
မေးခွန်းထဲ ပြူးပြဲ ရှာကြည့်မိတော့
သုံးရာခြောက်ဆယ့်ငါးရက်ဆိုတဲ့ တနှစ်မှာ
စိုက်ထုတ်မှုက ဘယ်နှစ်နာရီစာ ဘယ်နှစ်ရက် လျော့နေတယ်မသိ…

အားတွေသွန်လိုက်ကြ အခွံတွေစိုက်လိုက်ကြနဲ့
ဘယ်လိုစီးဆင်းမှုမျိုးမှ မပေါက်ရောက်တဲ့အခါ
ဘဝကို ပစ်ကွင်းတခုလို သဘောထားရင်း
ဘဝထဲကို အလိုမကျခြင်း မြားတွေတစင်းပြီးတစင်း ပစ်ခွင်းနေမိကြ….

အအေးမိ နှာစေးတာလောက်ဆိုရင်တော့
ငယ်ငယ်က အပြောင်အပျက်ပြောသလို
ဒါလေးများ….ဘာမီတွန်သောက် ပျောက်ပေါ့…

အတွေးတွေကို
တချပ်မှောက်ဖဲလို ကစားကြည့်တော့လည်း
တစ်ကိုးကင်း ထွေခင်းနေရတဲ့ ကန္တာရထဲ
ရေလိုက်လွဲနေတဲ့ ကြမ္မာမွဲမွဲကိုပဲ အစိမ်းလတ်လတ်တွေ့နေရသေးတယ်…

ချော်လဲရောထိုင်နေရတဲ့ အဖြစ်ထက်
ငါးပွက်ရာ ငါးစာချနေရခြင်း အဖြစ်ထက်
တက်ကျိုးလို့ လက်နဲ့ထိုးလှော်နေရတာကမှ
တနေ့တလံ ပုဂံအနား တရွေ့ရွေ့ အရောက်သွားနိုင်ဦးတော့မယ်…

အဖြေထွက်ဖို့အတွက်
အတိတ်နေ့ရက်ဟောင်းတွေနဲ့ မီးမောင်းထိုးရှာခဲ့ကြပြီးပြီ
ဆီကုန်တာသာ အဖတ်တင်ခဲ့တယ်
လက်တလောနေ့ရက်တွေရဲ့ တတိတိတိုက်စားမှုတွေအောက်
နေညိုမှာ လမ်းမပျောက်အောင် ခြေတိုအောင်တော့ လမ်းလျှောက်ကြရဦးမယ် … … ။

Comments

Anonymous said…
This comment has been removed by a blog administrator.