ကမ်းဝေးတယ်ဆိုတာ အလှမ်းနှေးနေလို့ဖြစ်မှာပါ
ဆောင်းယွမ်းလ
ဒီဇင်ဘာ ၂၄၊ ၂၀၀၉
ယုံတမ်းစကားနဲ့ အကုန်ဖမ်းစားတဲ့ ဇာတ်ကားတကား
”ကြာခဲ့ပြီ”ပိတ်ကားပေါ်မှာ ရုံတင်နေတာလည်း ကြာခဲ့ပါပြီ …
သီလမမြဲသူတွေ ပါးစပ်ထဲက သမာဓိဆိုတာ
အလေးခိုး ရေထိုးရောင်းတဲ့ ဈေးသည်မ ချိန်ခွင်လိုပါပဲ…
စိုသောလက် မခြောက်ခင်နဲ့
ကွေးသောလက် မဆန့်ခင်စပ်ကြား
ဘယ်လိုပြဿဒါးက ဖျာဝင်ခင်းနေမှန်း မသိခဲ့ရသလို
နေ့ဖို့ ညစာမရှိသလောက် သုံညတွေပေါက်နေတဲ့
ဟောင်းလောင်းဗိုက်ကို ငုံ့ကြည့်နေခဲ့ရတဲ့ နှစ်တွေမှာ
မော့ကြည့်ခွင့် မရခဲ့တဲ့ နေရာလပ်တွေကို
ဒိုင်လုပ်သူက မုသာဝါဒ ပါးစပ်နဲ့ လေလျှော်ပြီး
အဖိုးတို့ ခေတ်တုန်းက ခြံမြေနဲ့ ငွေကို စားသွားခဲ့တယ်
အဖေတို့ ခေတ်မှာကျတော့ ဘဝကို စားသွားခဲ့တယ်
ကျနော်တို့ ခေတ်မှာ အနာဂတ် တခုလုံးကို ဝါးမြိုခဲ့ပြီး
ညီလေးတို့ ခေတ်ကိုရောက်တော့ အရိုးပါမကျန်အောင်ကိုက်
ကြံ့လို ဖွတ်လို အကောင်တွေနဲ့ပါ လှည့်ပြီး ရှုးတိုက်လိုက်သေးတယ်…
ဘဝမေ့နေသူတွေရဲ့ ဖိနပ်ထူထူတွေကိုမှ ရွေးပြီး
လျာနဲ့ လျက်သူတွေရဲ့ အဒိန္နဒါနာ လက်ညှိုးတွေအောက်မှာ
မောလွန်းသူတွေအတွက်…
ရေကြည်တပေါက်တောင် သောက်စရာ မရှိတော့သလို
ဆာလွန်းသူတွေအတွက် …
မြက်ကောက်စားဖို့တောင် မြေကမသန် မိုးကမမှန်နဲ့ …
အသက်ထူသူတွေရဲ့ အရှက်မဲ့ ကာမေသုမိစ္ဆာ လက်ထဲမှာ
ညီမလေး ခေါင်းပေါ်က စံပင်ပန်းတွေ နွမ်းခဲ့ရသလို
ချစ်ခြင်းဖွဲ့ စမ်းချောင်းလေးတွေလည်း တေးမဆိုနိုင်ခဲ့ကြ
အိုမင်းမစွမ်း အမေ့ရဲ့ မျက်နှာနွမ်းနွမ်းပေါ်မှာ
စီးပါများတဲ့ မျက်ရည်တွေသာ လမ်းပေါက်
အဖေ့ရဲ့ အထီးကျန်မှုတွေ ကမ်းပျောက်နေခဲ့တာလည်း ကြာခဲ့ပါပြီ…
နာရီသူခိုး လူလိုက်မုဆိုးတွေ ပစ်လွှတ်လိုက်တဲ့
ပါဏာတိပါတာ သေနတ်ကျည်ဆံတွေ အောက်က
ဘဝကို တလွှာချင်း ပြန်ကောက်ဝတ်ရင်း
စိတ်ရိုင်းကို ဇောင်းသွင်းလို့
မောင်းတင်းထားတဲ့ ယုံကြည်ချက်နဲ့
”တို့ဘဝတို့ကမ္ဘာ”ဆိုတဲ့ မျှော်လင့်ခြင်းတွေကို ကွက်လပ်ဖြည့်ဖို့
အရှိန်ဟုန်ပြင်းပြင်းနဲ့ တာထွက်ခဲ့ကြတာလည်း ကြာခဲ့ပါပြီ….
”ကြာခဲ့ပါပြီ”ဆိုတဲ့ ညည်းချင်းကို
ပါးစပ်ဆိုင်းတီး သီချင်းတပုဒ်လို ညည်းနေခဲ့ကြတာလည်း ကြာခဲ့ပါပြီ…
တရက်လျော့နေတဲ့ ကံကြမ္မာကောင်းအတွက်
သစ္စာအိတ်ပေါက်နဲ့တော့ ညီညွတ်ရေးကို ကောက်မရနိုင်ဘူး
တာဝေးပွဲမှာ ပန်းဝင်ကောင်းဖို့အတွက်
”ဗုဒ္ဒရှင်တော်မြတ် ကယ်ပါဘုရား”ဆိုပြီး
တကိုယ်တည်း ကြိတ်ဆုတောင်း အိပ်ကောင်းနေလို့တော့ မရနိုင်ဘူး
တကယ်တော့….ကမ်းဝေးတယ်ဆိုတာ အလှမ်းနှေးနေလို့ ဖြစ်မှာပါ… … ။
Comments